စစ်ခေါင်းဆောင် ယာယီသမ္မတတာဝန် လွှဲပြောင်းရယူ
2024.07.22

[Update: 01:47 AM, July 23, 2024]
စစ်ကောင်စီရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေက သူ့ရဲ့ယာယီသမ္မတ တာဝန်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဇူလိုင်လ ၂၂ ရက် ဒီနေ့မှာ လွှဲပြောင်းပေးအပ်လိုက်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ဦးမြင့်ဆွေ မကျန်းမာဘဲ ဆေးခွင့်ယူထားရတာကြောင့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) ကိစ္စတွေကို ဆက်ဆောင်ရွက်နိုင်ဖို့အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လွှဲပြောင်းတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ခေါင်းဆောင် ယာယီသမ္မတတာဝန် ရယူလိုက်တာကို ဝေဖန်ပြောဆိုချက်တွေလည်း ရှိနေပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အာဏာတည်မြဲရေးအတွက် စစ်တပ်ကို အသုံးချနေတာကို စစ်တပ်ထဲမှာ ရှိနေသူတွေ တစ်စုံတစ်ရာဆောင်ရွက်သင့်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
"မင်းအောင်လှိုင်က သမ္မတ အရမ်းဖြစ်ချင်တာလေ၊ အကြမ်းဖက်ပြီးတော့ အာဏာလုယူခဲ့တာကလည်း သမ္မတရာထူးကိုတောင်းတာမှာ လက်မခံလို့ အာဏာလုခဲ့တာလို့ ပြောခဲ့တာတွေရှိတယ်၊ ယာယီသမ္မတကနေ သမ္မတဖြစ်အောင်လုပ်ဖို့ ဆန္ဒက ရှိနေနိုင်သေးတာဆိုတော့ အဲလိုမျိုးမဖြစ်အောင် တော်လှန်ရေးအင်အားစုတွေက နည်းပေါင်းစုံနဲ့ ကြိုးစားဆောင်ရွက်နေတာတွေရှိသလို စစ်တပ်ခေါင်းဆောင်တစ်ယောက်က စစ်တပ်ကိုအသုံးချပြီး သူ့အာဏာတည်မြဲရေးအတွက် အသုံးချနေတဲ့ကိစ္စကို အမြန်ဆုံးရပ်အောင် တပ်မတော်ရဲ့ ဂုဏ်သိက္ခာကိုထိန်းသိမ်းလိုတဲ့ စစ်တပ်ထဲမှာ ရှိနေတဲ့သူတွေကလည်း သေချာစဉ်းစားပြီး တစ်စုံတစ်ရာဆောင်ရွက်သင့်ပြီလို့မြင်ပါတယ်"
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင် အာဏာစွန့်အောင်တိုက်တွန်းပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက သမ္မတဟောင်း ဦးသိန်းစိန် တရုတ်နိုင်ငံသွားတဲ့ခရီးစဉ်အတွင်းပြောဆိုခဲ့တယ်လို့ သတင်းတွေထွက်နေပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယာယီသမ္မတရာထူးကို ရယူလိုက်တာဟာ ပြည်သူတွေအပါအဝင် တရုတ်နိုင်ငံနဲ့ နိုင်ငံတကာကိုလည်း ဂရုမစိုက်ကြောင်း ပြလိုက်တာထင်ရှားနေကြောင်း NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က သုံးသပ်ပါတယ်။
"ဒေသတွင်းမှာရှိတဲ့နိုင်ငံတွေကနေပြီး သတင်းတွေထွက်နေတဲ့ ကြားဖြတ်အစိုးရဖွဲ့ပေးပါ၊ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတစ်ခု ဖန်တီးဖို့လုပ်ပါ၊ အစရှိသဖြင့် ပြောနေတဲ့ဟာတွေကို ဒီဟာက သူက ဘယ်သူကိုမှ ဂရုမစိုက်ဘူး၊ ပြည်သူတွေကိုလည်း ဂရုမစိုက်ဘူး၊ မြန်မာနိုင်ငံကို သူတစ်ဦးထဲပိုင်တဲ့ သူ့မိသားစုပိုင် ကုမ္ပဏီတစ်ခုလိုမျိုး သဘောထားပြီး ပဒေသရာဇ် ဆန်ဆန် လုပ်ကိုင်နေတဲ့ဟာ ထင်ရှားနေပါတယ်၊ နိုင်ငံတကာကိုလည်း အထူးသဖြင့် တရုတ်နိုင်ငံကိုလည်း ဂရုမစိုက်ဘူးဆိုတာ ပြသတဲ့သဘောလို့ သုံးသပ်ချင်လည်း ရပါတယ်"
NUG ရဲ့ ဝေဖန်ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ဆက်နွှယ်သောသတင်းများ
ကာလုံအစည်းအဝေးခေါ်ပြီး စစ်ကောင်စီသက်တမ်းထပ်တိုး
ဝန်ကြီးအပြောင်းအလဲတွေနဲ့ အာဏာတည်မြဲရေး စစ်ခေါင်းဆောင် ကြိုးစားလာ
အရေးပေါ်ကာလ သက်တမ်းထပ်တိုးတာ ဥပဒေချိုးဖောက်တာဖြစ်ကြောင်း ဝေဖန်
အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ NLD အစိုးရလက်ထက် ဒုသမ္မတနှစ်ဦးဖြစ်တဲ့ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီ ဗန်ထီးယူတို့ကို ဆက်လက်ခန့်ထားခဲ့ပြီး ဦးမြင့်ဆွေကို ယာယီသမ္မတအနေနဲ့ တာဝန်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့မှာ ကျန်းမာရေးအရ အနားယူသွားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ယာယီသမ္မတ ဦးမြင့်ဆွေကလည်း ကျန်းမာရေးမကောင်းတဲ့အပြင် နေ့စဉ်တာဝန်တွေကို လှုပ်ရှားဆောင်ရွက်နိုင်တာမရှိတာကြောင့် အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှုပေးနေရကြောင်း စစ်ကောင်စီက ဇူလိုင် ၁၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အဲဒီလိုထုတ်ပြန်ပြီး တစ်ပတ်မပြည့်ခင်မှာပဲ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ယာယီသမ္မတတာဝန်တွေ လွှဲအပ်ကြောင်း ထုတ်ပြန်တာဖြစ်ပါတယ်။
စစ်ကောင်စီဟာ ဇူလိုင်လ ၃၁ ရက်နေ့ ဒီလကုန်မှာ ငါးကြိမ်မြောက်တိုးထားတဲ့ အရေးပေါ်သက်တမ်းကုန်ဆုံးခါနီးမှာ အခုလို လွှဲပြောင်းလိုက်တာလည်းဖြစ်ပါတယ်။ အရေးပေါ်ကာလကိုလည်းနောက်ထပ် ခြောက်လသက်တမ်းထပ်တိုးနိုင်တယ်ဆိုတဲ့ သုံးသပ်ပြောဆိုချက်တွေလည်းရှိပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်ကောင်စီက လက်ရှိအရေးပေါ်ကာလသက်တမ်းကုန်ဆုံးလို့ နောက်ထပ်သက်တမ်း ထပ်တိုးတိုး၊ မတိုးတိုး မြန်မာ့နိုင်ငံရေးဟာ အပြောင်းအလဲတစ်ခုဖြစ်လာနိုင်တဲ့ အခြေအနေမျိုး မတွေ့ရသေးဘူးလို့ သုံးသပ်ထားကြပါတယ်။
(မှတ်ချက်။ ဤသတင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်နှင့် NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်၏ မှတ်ချက်များအား ဖြည့်စွက်ရေးသားထားပါသည်။)