စစ်ကောင်စီ ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးဆိုးရွားနေ
2024.07.18

ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးမကောင်းဘဲ နေ့စဉ်လှုပ်ရှားဆောင်ရွက်နိုင်တာမရှိတာကြောင့် အနီးကပ်ကျန်းမာရေးစောင့်ရှောက်ပေးနေတယ်လို့ စစ်ကောင်စီက သူတို့ထိန်းချုပ်တဲ့ မီဒီယာတွေကနေ ဇူလိုင်လ ၁၈ ရက်နေ့ညက ကြေညာပါတယ်။
ဇွန်လ ၃ဝ ရက်နဲ့ ဇူလိုင် ၁၄ ရက်နေ့တွေမှာ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဦးဆောင်တဲ့ အထူးဆေးကုသတဲ့အဖွဲ့နဲ့ ကျန်းမာရေးစစ်ဆေးခဲ့ပေမဲ့ ပြန်ကောင်းလာတာ မရှိဘဲ အစားအသောက်နည်းတာအပါအဝင် နေ့စဉ်လှုပ်ရှားမှုကို လုပ်ဆောင်နိုင်တာမရှိတာကြောင့် စစ်ကောင်စီက အနီးကပ်ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဦးမြင့်ဆွေဟာ ၂၀၂၃ နှစ်ဆန်းပိုင်းကစပြီး လှုပ်ရှားရာမှာ တုံ့နှေးတာ၊ အစားအသောက်နည်းတာတွေ စတင်ခံစားရတာကြောင့် အထူးကုပါရဂူကြီးတွေနဲ့ ပုံမှန်ဆေးကုသမှု ခံယူခဲ့နေရတယ်လို့ ဆိုပါတယ်။
စမ်းသပ်စစ်ဆေးချက်တွေအရ အာရုံကြောတွေ နှေးကွေးတုံ့ဆိုင်းတဲ့ ရောဂါ၊ အာရုံကြောအားနည်တဲ့ရောဂါတွေ ခံစားနေရတာကို တွေ့ရှိနေရတဲ့အတွက် ၂၀၂၄ ခုနှစ် ဧပြီလက စင်ကာပူနိုင်ငံမှာ သွားရောက်ကုသခဲ့ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
၂၀၂၄ ခုနှစ် ဇွန်လ ၁၈ ရက်ကနေ ဇူလိုင်လ ၃၀ ရက်နေ့အထိ ဆေးခွင့်ယူပြီး နေအိမ်မှာ ဆေးကုသခဲ့ရတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးချိန်ကနေ ဦးမြင့်ဆွေကို ယာယီသမ္မတရာထူးပေးပြီး အရေးပေါ်ကာလသက်တမ်းကို ခြောက်လတစ်ကြိမ်တိုးခဲ့ရာမှာ ငါးကြိမ်ရှိခဲ့ပြီ ဖြစ်ပါတယ်။
ဇူလိုင်လကုန်မှာ စစ်ကောင်စီဟာ အရေးပေါ်ကာလ သက်တမ်းပြည့်မှာဖြစ်ပြီး အခုလို နီးကပ်လာချိန်မှာ ယာယီသမ္မတ ဦးမြင့်ဆွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။
ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူကိုလည်း ကျန်းမာရေးအရ အနားယူခွင့်ပြုလိုက်ကြောင်း ဧပြီ ၂၂ ရက်နေ့ညမှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။