AA ကို ထောက်ခံမှု ရပ်ကြဖို့ သမ္မတရုံး ပြော


2019.01.07
aa-soldiers-622.jpg ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန

ရခိုင်ပြည်နယ်ရဲ့ ရှေ့ရေးကို စဉ်းစားပြီး ရက္ခိုင့်တပ်မတော် AA ကို ထောက်ခံနေတာတွေ ရပ်တန်းကရပ်ဖို့ နိုင်ငံတော် သမ္မတရုံး က ရခိုင်ပြည်သူတွေကို သတိပေးလိုက်ပါတယ်။

ဒီနေ့ နေပြည်တော် သမ္မတအိမ်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရခိုင်ကိုယ်စားလှယ်တွေ၊ ရခိုင်လူငယ်တွေ၊ ရခိုင်အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ရခိုင်ပြည်သူတွေကို ဖျောင်းဖျစည်းရုံးဖို့ တိုက်တွန်းရင်း အခုလိုပြောခဲ့တာပါ။

ရခိုင်တိုင်းရင်းသားတွေအနေနဲ့ အနာဂတ်မှာ ရခိုင်ပြည်နယ်ကို ဘယ်လိုပုံစံမြင်ချင်သလဲလို့လည်း မေးခွန်းထုတ်လိုက်ပြီး AA ကို ထောက်ခံတဲ့အတွက်ကြောင့် ကောင်းကျိုးဆိုးကျိုးတွေကို သုံးသပ်ဖို့လိုကြောင်းလည်း ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ AA ကို သောင်းကျန်းသူအဖြစ် သတ်မှတ်ပြီး နှိမ်နင်းရေးတွေ ထိထိရောက်ရောက် ဆောင်ရွက်သွားဖို့ အစိုးရက တပ်မတော်ကို ညွှန်ကြားထားတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ရခိုင်တိုင်းရင်းသားတွေ ကိုယ်စားပြုပါဝင်ခွင့်ရဖို့၊ ပြည်နယ် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ပုံမှန်လမ်းကြောင်းဖြစ်တဲ့ နိုင်ငံရေးစကားဝိုင်းတွေကနေသာ တောင်းဆိုသင့်ကြောင်းလည်း တိုက်တွန်းခဲ့ပါတယ်။

ဇန်နဝါရီ ၄ ရက်နေ့ မနက်ပိုင်းက ဘူးသီးတောင်မြို့နယ်က ရဲကင်းစခန်း လေးခုကို AA အဖွဲ့က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ ဦးဇော်ဌေးက ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို အစိုးရက ကာကွယ်ရေးတွေ ဆောင်ရွက်နေချိန်မှာ ရက္ခိုင့်တပ်မတော် AA က အခွင့်ကောင်းယူပြီး တိုက်ခိုက်တာဖြစ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် AA အဖွဲ့ဟာ ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်းမှာ ARSA အဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တေ့ွဆုံတာတွေ ရှိခဲ့ကြောင်း၊ သတင်းတွေအရ ARSA အဖွဲ့နဲ့ AA အဖွဲ့ကြား လှုပ်ရှားမယ့်နယ်မြေ ခွဲခြားသတ်မှတ်တာတွေ ရှိခဲ့ကြောင်းလည်း ဦးဇော်ဌေး က စွပ်စွဲပြောဆိုခဲ့ပါတယ်။

သတင်းတွေအရ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မေယုတောင်အနောက်ဘက်အခြမ်းမှာ ARSA အဖွဲ့က လှုပ်ရှားဖို့ နဲ့ မေယုတောင်အရှေ့ခြမ်းမှာ AA က လှုပ်ရှားဖို့ သဘောတူတာတွေ ရှိပြီး ဇန်နဝါရီလ ၄ရက်နေ့ တိုက်ပွဲဟာ ဒီဆွေးနွေးပွဲရဲ့ နောက်ဆက်တွဲလှုပ်ရှားမှုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ်မေးမြန်းရာမှာ ARSA အဖွဲ့နဲ့ ပတ်သက်ဆက်သွယ်မှု မရှိကြောင်း၊ အခုလို စွပ်စွဲပြောဆိုတာတွေဟာ AA အဖွဲ့ကို အစိုးရနဲ့ စစ်တပ်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပုံဖော်နေတာဖြစ်ကြောင်း RFA ကို ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။