အကြမ်းဖက်လုပ်ရပ်တွေကြောင့် AA ကို အပစ်အခတ်ရပ်စဲရေးမှာ ချန်ခဲ့တာလို့ အစိုးရပြော

သက်စုအောင်၊ သီဟထွန်း
2020.05.16

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် တပ်မတော်က တခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ သြဂုတ်လကုန်အထိ တစ်ဘက်သတ် အပစ်အခတ် ရပ်စဲထားပေမဲ့ အဲဒီအထဲမှာ AA အဖွဲ့ကို ချန်ထားခဲ့တာဟာ အကြမ်းဖက် လုပ်ရပ်တွေကြောင့် ဖြစ်တယ်လို့ ဒီကနေ့ မေလ ၁၆ ရက်နေ့ နေပြည်တော်မှာ အင်တာနက် အွန်လိုင်းကနေ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး ကျရောက်နေချိန်မှာ ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ ဗြိတိန်၊ ဥရောပသမဂ္ဂ နိုင်ငံတွေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့က တောင်းဆိုထားပေမဲ့ အဲဒီထဲမှာ ISIS လို အကြမ်းဖက်အဖွဲ့တွေ မပါဝင်ဘူးလို့ ဦးဇော်ဌေးက ဆိုပါတယ်။

တပ်မတော်ရဲ့ အပစ်ခတ်ရပ်စဲရေး ကြေငြာချက်မှာ ရခိုင့်တပ်တော် (AA) ကို ချန်ထားတာဟာ နိုင်ငံတကာ စံနှုန်းနဲ့အညီ လုပ်ဆောင်တာလို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒါ့ကြောင့် အစိုးရက အကြမ်းဖက်အဖွဲ့တွေအဖြစ် တရားဝင်ကြေညာထားတဲ့AA နဲ့ ARSA လို အဖွဲ့မျိုးတွေနဲ့ အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်ဘူးလို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

မေလ ၃ ရက်နေ့ကနေ လာမဲ့ သြဂုတ်လကုန်အထိ တပ်မတော်ဘက်က အပစ်အခတ်ရပ်စဲရေး မကြေညာခင်မှာ အစိုးရနဲ့ တပ်မတော်တို့ ကြိုတင်ညှိုနှိုင်းခဲ့ကြပြီး၊ AA အဖွဲ့ရှိတဲ့ ရခိုင်ပြည်နယ်ကို မထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဦးဇော်ဌေးက ဆက်ရှင်းပြပါတယ်။

AA ရခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့... ဒါဟာ ရခိုင်မှာ အပစ်အခတ်ရပ်စဲရေး မလုပ်ချင်တဲ့အတွက် AA ကို "အကြမ်းဖက်အဖွဲ့အစည်း" ဆိုတဲ့ အကြောင်းပြချက်နဲ့ အစိုးရနဲ့ တပ်မတော်က အကြောင်းရှာနေတာသာ ဖြစ်ပြီး၊ ငြိမ်းချမ်းရေးလုပ်ငန်း မအောင်မြင်အောင် တပ်မတော်ဘက်က ကြိုးစားနေတာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

တဆက်တည်းမှာပဲ ရခိုင်ပြည်နယ်မှာ တပ်မတော်က ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရမှာ တာဝန်ရှိတယ်လို့လည်း ခိုင်သုခက စွပ်စွဲပြောဆိုပါတယ်။

လက်ရှိ အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးလမ်းကြောင်းက ပိတ်ဆို့ရပ်တန့်သွားပြီး တပ်မတော်ဘက်က ထိုးစစ်တွေကသာ ပိုပြီး ပြင်းထန်လာတာကို တွေ့နေရတယ်လို့လည်း ခိုင်သုခက ဆက်ပြောပါတယ်။

သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ AA အပါအဝင် မြောက်ပိုင်းလေးဖွဲ့နဲ့ နှစ်ဖက် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ အစိုးရငြိမ်းချမ်းရေးကော်မရှင်က ကြိုးစားခဲ့ပေမယ့် ငြိမ်းချမ်းရေး ခရီး ရှေ့ဆက်နိုင်ဖို့ အဲဒီအဖွဲ့တွေဘက်က လုံလောက်တဲ့တုံ့ပြန်မှု မရဘူးလို့ ဝေဖန်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေတဲ့ ကာလအတွင်း အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အွန်လိုင်းကနေ ဆွေးနွေးဖို့ စီစဉ်နေပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်ဖို့က နှစ်ဘက်လုံး ဆန္ဒရှိမှ ဖြစ်နိုင်မှာလို့လည်း ဦး‌ဇော်ဌေးက ပြောပါတယ်။

မေလ ၁၅ ရက်နေ့ကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဆွေးနွေးခဲ့ပြီး၊ ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက်နစ်နာနေရတဲ့အပေါ် စိုးရိမ်ပူပန်ကြောင်းနဲ့ ရခိုင်ပြည်နယ် အပါအဝင် တစ်နိုင်ငံလုံးမှာ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ဖို့ ဗြိတိန်နဲ့  EU ဥရောပသမဂ္ဂ နိုင်ငံတွေက တောင်းဆိုခဲ့ကြပါတယ်။

ရခိုင်မှာ ကုလသမဂ္ဂ အေဂျင်စီကားတွေ ပစ်ခတ်ခံရပြီး WHO ဝန်ထမ်းသေဆုံးခဲ့တဲ့ ကိစ္စမျိုးတွေ ထပ်မဖြစ်ဖို့၊ ဒီကိစ္စ တာဝန်ရှိသူတွေကို စုံစမ်းဖော်ထုတ်နိုင်ဖို့အတွက်ဆိုရင် လုံးလုံးလျားလျား အပစ်အခတ်ရပ်စဲရေး ကြေညာဖို့ လိုအပ်တယ်လို့လည်း ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီးက မနေ့က ပြုလုပ်တဲ့ မြန်မာ့အရေးဆိုင်ရာ လုံခြုံရေး‌‌ကောင်စီ အစည်းအဝေးမှာ ထည့်သွင်းပြောကြားသွားပါတယ်။

ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ငြိမ်းချမ်းရေးကိစ္စအပြင်၊ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်က ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာတစ်ချို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့အတွက် မြန်မာဘက်က ဒုက္ခသည်တွေ ပြန်လက်ခံရေးကိစ္စ နှောင့်နှေးနိုင်ကြောင်းလည်း ရှင်းပြသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။