သမ္မတရဲ့ ကျန်းမာရေး အခြေအနေ စိုးရိမ်စရာမရှိ
2017.12.08
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ကျန်းမာရေး အခြေအနေ မကောင်းဘူးလို့ သတင်းတွေ ထွက်နေပေ မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ သမ္မတရဲ့ ကျန်းမာရေးအခြေအနေဟာ စိုးရိမ်စရာမရှိဘူးလို့ ပြောပါတယ်။
နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ ဒီကနေ့ကျင်းပတဲ့ ၂၀၁၇ ခုနှစ်၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲအပြီးမှာ နိုင်ငံတော်သမ္မတရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး သတင်းထောက်တစ်ယောက်က မေးမြန်းတာကို ဒေါ်အောင်ဆန်း စုကြည်က ပြန်လည်ဖြေကြားခဲ့တာပါ။
"စိုးရိမ်စရာ မရှိပါဘူး၊ ဒီမှာ သမ္မတကြီးတော့ရှိတယ်၊ ပြုစုစောင့်ရှောက်ဖို့ပေါ့၊ ဒီလောက်ပြုစုစောင့်ရှောက်ဖို့ ၁ ယောက်ရှိနေမှ ဘာစိုးရိမ်နေမှာလဲ"
လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်မှာတော့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကျန်းမာရေးမကောင်းတဲ့ အတွက် အနားယူတော့မှာဖြစ်ကြောင်းနဲ့ မကြာသေးခင်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ကို လိုက်ပါသွားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို သမ္မတအဖြစ်တင်မှာဖြစ်ကြောင်း သတင်းတွေ ထွက်ခဲ့တာဖြစ်ပါတယ်။
အင်န်အယ်လ်ဒီပါတီ ဗဟိုအတွင်းရေးမှူး ဦးဝင်းထိန်ကလည်း သမ္မတဦးထင်ကျော်ရဲ့ ကျန်းမာရေးကောင်းမွန်တဲ့ အကြောင်းနဲ့ ကိုယ်အလေးချိန် ၁၅ ပေါင်ခန့် ကျဆင်းတာသာရှိတယ်လို့ မကြာသေးခင်က ပြောထားပါတယ်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ဂျပန်ဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ Universal Health Coverage Forum 2017 ကို တက်ရောက်ဖို့ မကြာခင်မှာ ဂျပန်နိုင်ငံကိုသွားရောက်ဖို့ ရှိနေပါတယ်။