MDCF ခေါင်းဆောင် ဦးထင်ကျော်အမှု နှစ်ဖက်လျှောက်လဲချက်တင်
2018.12.13

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-ခ နဲ့ ရန်ကင်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုခံထားရတဲ့ ဒီမိုကရေစီ အရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုကော်မတီ MDCF ခေါင်းဆောင် ဦးထင်ကျော်အမှုကို ဒီနေ့ နှစ်ဖက်လျှောက်လဲချက်တင်ခဲ့ပြီး စွဲချက်တင်မယ့်အမိန့်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ရန်ကင်းမြို့နယ်တရားရုံးက ချမှတ်မယ်လို့ သိရပါတယ်။
ကိုထင်ကျော်ရဲ့ အမျိုးသမီး ဖြစ်သူ မသန်းသန်းမော်က ပုဒ်မ ( ၅၀၅ ခ) နဲ့စွဲဆိုတဲ့ အမှုအများစုဟာ အမှုမြောက်ကြောင်း အမိန့်ချတာများတဲ့အတွက် စွဲချက်တင်သွားမှာဖြစ်တယ်လို့ မျှော်လင့်ကြောင်း RFA ကို ပြောပါတယ်။
ဂရိတ်နိုင်း ကျောက်မျက်ရတနာကုမ္ပဏီပိုင်ရှင် ဦးအိုက်လင်းရဲ့ လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး လက်ရှိအစိုးရ လက်ထက်မှာ အမှုရုပ်သိမ်းခဲ့တဲ့အတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာက ရန်ကင်းမြို့နယ် တရားရုံးရှေ့မှာ တရားရေးနဲ့ အစိုးရကို ကိုထင်ကျော်က ဝေဖန်ပြောဆိုခဲ့တဲ့အတွက် နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မနဲ့ တရားစွဲဆိုခံ ခဲ့ရတာ ဖြစ်ပါတယ်။
ရန်ကင်းမြို့နယ်တရားရုံးမှာ ၂၀၁၆ ခုနှစ်က အမှု ပြောင်းရွှေ့စစ်ဆေးခဲ့ပေမယ့် ဦးအိုက်လင်းကို ဥပဒေအရ ထိုက်သင့်သလို အရေးမယူတဲ့အတွက် ကိုထင်ကျော်က ဝေဖန်ခဲ့တာလို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခပေးပို့လိုက်တာပါ။