သမ္မတဟောင်း ဦးထင်ကျော် ကျန်းမာရေးကောင်းမွန်ကြောင်း ပြော


2018.05.03
htinkyaw-622.jpg နေပြည်တော်မှာ ကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံများ စာကြည့်တိုက်မှူးများ ညီလာခံဖွင့်ပွဲမှာ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်ကို ၂ဝ၁၈ ခုနှစ် မေလ ၃ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်က သူဟာ ကျန်းမာရေးကောင်းမွန်နေသလို စိတ်မပူကြဖို့ ပြောပါတယ်။

ဒီကနေ့ နေပြည်တော်မှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှနိုင်ငံများ စာကြည့်တိုက်မှူးများ ညီလာခံဖွင့်ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

"မစိုးရိမ်ပါနဲ့လို့၊ ကျနော် ကျန်းမာရေးကောင်းပါတယ်၊ တချို့လည်း စိုးရိမ်စိတ်နဲ့ ပြောကြတာပေါ့၊ ကျနော် ကျန်းမာပါတယ်၊ မြင်တဲ့အတိုင်းပါပဲ၊ ကျနော် အခုတော့ စာပေကိစ္စလေးတွေလုပ်နေပါတယ်၊ ကျနော့်အဖေ ထားခဲ့တဲ့ စာအုပ်စာပေရှေးကဟာတွေ အဲဒါတွေပြန်ပြီးတော့ စာရင်းတွေပြန်ခွဲ နောက်ပိုင်းတတ်နိုင်ရင် မှတ်တမ်းလေးတွေရေးဖို့ စိစစ်နေပါတယ်၊ ဘာပဲပြောပြော စိုးရိမ်ကြတဲ့စိတ်နဲ့ မေးကြတဲ့ဟာကို ကျေးဇူး တင်ပါတယ်၊ စိတ်မပူကြပါနဲ့ ကျန်းမာရေးကောင်းမွန်ပါတယ်"

ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်က ရာထူးနုတ်ထွက်သွားကတည်းက အများအမြင်ကနေ ပျောက်နေခဲ့တဲ့ သမ္မတဟောင်း ဦးထင်ကျော်ဟာ ဒီကနေ့ နေပြည်တော်မှာ ပြန်လည်မြင်တွေ့ရတာပါ။

အမျိုးသားစာဆိုလို့ ခေါ်ဝေါ်ကြတဲ့ ဆရာကြီး မင်းသုဝဏ်ရဲ့ သားဖြစ်သူ ဦးထင်ကျော်ဟာ ဒလဘန်းအမည်နဲ့ စာပေရေးသားသူတစ်ဦးလည်းဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ စာပေလက်ရာတွေ ပြန်လည်စုစည်းနေတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် သမ္မတဟောင်း ဦးထင်ကျော်နဲ့ ဇနီးဖြစ်သူ ဒေါ်စုစုလွင်တို့ဟာ နေပြည်တော်မှာပဲ အခြေချနေထိုင်မယ် လို့လည်း ပြောပါတယ်။

လာမယ့် ဇူလိုင်လမှာ အသက် ၇၂ နှစ်ပြည့်တော့မှာဖြစ်တဲ့ ဦးထင်ကျော်ဟာ နိုင်ငံတော်သမ္မတတာဝန် ကို ၂ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။