လက်နက်နဲ့နယ်စပ်မှာ ကျူးကျော်နေထိုင်ခဲ့တဲ့ ထိုင်းအဖွဲ့က ၇ ဦးကို သမ္မတလွတ်ငြိမ်းခွင့်ပေး
2012.12.01
ဒီထိုင်းနိုင်ငံသား ၇ ဦးကို နိုင်ငံတော်သမ္မတက နိုဝင်ဘာ ၃ဝရက်နေ့ ရက်စွဲနဲ့ သီးသန့် ထုတ်ပြန်ပေးခဲ့တာဖြစ်ပြီး မနေ့ညနေပိုင်းမှာပဲ ထိုင်း မြန်မာ နှစ်နိုင်ငံ နယ်ခြားကော်မတီအဖွဲ့ကနေတဆင့် လွဲပြောင်းပေးလိုက်တယ်လို့ ကော့သောင်းလူဝင်မှုကြီးကြပ်ရေးရုံးက အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။
ထိုင်းနိုင်ငံသား ၉၂ ယောက်ဟာ ကော့သောင်းခရိုင် ခမောက်ကြီး မြို့နယ်အတွင်း ဝင်ရောက်နေထိုင်ပြီး ရော်ဘာနဲ့ ဆေးခြောက်တွေ စိုက်ပျိုးလုပ်ကိုင်နေတာကို ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းက မြန်မာအစိုးရတပ်ဖွဲ့တွေက ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။ အဲဒီထဲက ထောင်ဒဏ် ၃နှစ်ခွဲစီကျခံနေရတဲ့ ၈၃ ယောက်ကိုတော့ စက်တင်ဘာ ၁၇ရက်နေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ လွတ်ပေးခဲ့ပြီးဖြစ်ပါတယ်။
တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ ၉ယောက်ထဲက ၇ ယောက်ကိုတော့ မနေ့က ပြန်လွတ်ပေးလိုက်ပြီ ဖြစ်ပေမယ့် ထောင်ဒဏ် ၂၈နှစ်ခွဲ ကျခံနေရတဲ့ ထိုင်းအမျိုးသားတစ်ဦးနဲ့ ထောင်ဒဏ် ၁၈ နှစ်ခွဲကျခံနေရတဲ့ ထိုင်းအမျိုးသမီးတစ်ဦးကတော့ လွတ်ငြိမ်းချမ်းသာခွင့်စာရင်းထဲမှာ မပါရှိတဲ့အတွက် ထောင်ဒဏ်ဆက်လက် ကျခံနေရဆဲဖြစ်တယ်လို့သိရပါတယ်။