အကျဉ်းသား ခုနှစ်ထောင်နီးပါးကို သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေး


2019.04.26
amnesty-prison-free-622.jpg သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ အင်းစိန်ထောင်ကနေ လွတ်လာသူတစ်ဦးကို ၂၀၁၉ ဧပြီ ၁၇ ရက်နေ့က တွေ့ရစဉ်
Photo: Wai Mar Tun/RFA
အစိုးရ အကြီးအကဲတွေအနေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း AAPP အဖွဲ့က တင်ပြထားတဲ့ နိုင်ငံရေး အကျဉ်းသား စာရင်းကို စိစစ်နေပြီး ရန်ကုန်အပါအဝင် အကျဉ်းထောင် ၇ ခုက အကျဉ်းသားတွေကို တတိယ အသုတ်အဖြစ် လွှတ်ပေးရာမှာ အများက ဝေဖန်ထောက်ပြမူတွေရှိနေတဲ့ နာမည်ကြီး အကျဉ်းသားတွေ ပါဝင်နိုင်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက  ပြောပါတယ်။

ဒီနေ့ နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC က တွေ့ဆုံပွဲ တစ်ခုမှာ ရိုက်တာ သတင်းထောက် ၂ ဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းရာမှာ အဲဒီလို ဦးဇော်ဌေးက ပြောလိုက်တာပါ။

မြန်မာနှစ်သစ်ကူး အခါသမယ အထိမ်းအမှတ်အပါအဝင် လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့ အနေနဲ့ မြန်မာနိုင်ငံနေရာဒေသအသီးသီးမှာ အကျဉ်းကျနေတဲ့ အကျဉ်းသား ၆၉၄၈ ယောက်ကို စည်းကမ်း သတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ဒီနေ့ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ပြီးခဲ့တဲ့ နှစ်ဆန်းတစ်ရက်နေ့ကလည်း အကျဉ်းသား ၉၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာကြောင့် ဒီနေ့က ဒုတိယအကြိမ်လွှတ်ပေးတာလည်း ဖြစ်ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဘယ်လိုလူမျိုးတွေကို လွှတ်ပေးသလဲဆိုတာကို သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က အခုလို ပြောပါတယ်။

"ပြန်လွှတ်ပေးတဲ့မူက ပထမနှစ်ဆန်းတစ်ရက်နေ့မှာ လွှတ်တာက သက်ကြီးရွယ်အိုတွေ၊ အသက်ငယ်သူတွေ၊ ကျန်းမာရေးမကောင်းသူတွေ၊ ထောင်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ နေသူတွေ၊ နောက် မူးယစ်ဆေးဝါးအမှုတွေနဲ့ ကျခံနေသူတွေ၊ မူးယစ်ဆေးဝါးဥပဒေက ပြင်လိုက်တယ်။ မပြင်ခင်က ပြစ်ဒဏ်ကျခံနေရသူတွေကို ဦးစားပေးပြီးလွှတ်လိုက်တာဖြစ်တယ်။"

ဒီနေ့လွှတ်ပေးတာဟာ ကချင်၊ ကယား၊ ကရင်၊ စစ်ကိုင်း၊တနင်္သာရီ၊ ပဲခူး နဲ့ မကွေး စတဲ့ တိုင်းနဲ့ပြည်နယ်တွေက မှာရှိတဲ့ အကျဉ်းထောင်တွေကဖြစ်ကြောင်း နဲ့ နောက်ထပ် တတိယအကြိမ်အနေနဲ့ အကျဉ်းသား ၆ ထောင် ကျော်ခန့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသွားမယ်လို့ ခန့်မှန်းထားကြောင်းလည်း ဦးဇော်ဌေး က ပြောပါတယ်။

ဒီနေ့ညနေပိုင်းအထိ ပြန်လွတ်လာတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းထဲက ၃ ယောက်ပါကြောင်း AAPP အဖွဲ့က ဦးအောင်မျိုးကျော် က ပြောပါတယ်။

"လောလောဆယ်တော့ ၃ယောက်ပါတယ်။ ကိုဇီထောင်၊ လွမ်းဇောင်းရယ် ဇော်ဂျတ်ရယ်။ ဦးဇော်ဌေး မီဒီယာတွေနဲ့ တေ့ွတော့ ပြောသွားတာ ကြားတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ဖွဲ့က သူတို့တပ်ဖွဲ့ဝင်တွေ ထောင်ထဲမှာ ရှိနေတာ လွှတ်ပေးဖို့ မေတ္တာရပ်ခံထားတာရှိတယ်။ နိုင်ငံရေးအရ ဖမ်းခံထားရသူတွေ၊ တတိယအကြိမ်မှာ လွှတ်ပေးနိုင်ဖို့ သူတို့စိစစ်နေတယ်လို့ ထည့်ပြောသွားတယ်။ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လွှတ်ပေးဖို့လည်း သမ္မတကြီးကို မေတ္တာရပ်ခံပါတယ်။"

တပ်မတော်က အသရေဖျက်မှုပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုခဲ့တာကြောင့် ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရပြီး မြစ်ကြီးနားအကျဉ်းထောင်ကနေ ဒီနေ့ ပြန်လွတ်လာတဲ့ ဦးဇော်ဂျက်က အခုလိုပြောပါတယ်။

"ကျွန်တော်တို့ လွတ်လာဖို့ တလလောက်ပဲ လိုတော့တာ။ မူးယစ်ဆေးပြဿနာတွေ စိတ်မကောင်းစရာ ထောင်ထဲမှာ ကြုံတေ့ွရတယ်။ ပုဒ်မ ၁၅၊ ၁၆ နဲ့ ကျတဲ့ ကလေးတွေက အားလုံး မူးယစ်ဆေးပြဿနာဖြစ်နေတယ်။ ဒီလွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့လူတွေထဲမှာ မူးယစ်ဆေးသုံးစွဲသူတွေ အကုန်လုံး ပါသွားပြီ။ ထောင်ထဲမှာ လူမရှိတော့ဘူး။ မူးယစ်ဆေးဝါးပြဿနာကို အစိုးရအနေနဲ့ ပေါ်လစီချပြီး ထိထိရောက်ရောက်မကိုင်တွယ်နိုင်ရင် ပြည်သူတွေရဲ့ ရှေ့ရေးက မတွေးဝံ့စရာပဲ"

ဒီနေ့မှာ မြစ်ကြီးနားအကျဉ်းထောင်ကနေ ၁၃၆၉ ယောက် ပြန်လွတ်လာပြီး အတော်များများက မူးယစ်ဆေးအမှုတွနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ဆန်းတစ်ရက်နေ့ကလည်း မြစ်ကြီးနားထောင်ကနေ ၇၈၅ ယောက်ဟာလည်း မူးယစ်ဆေး အမှုတွေ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီနေ့ပြန်လွှတ်ပေးရာမှာ ဘယ်လိုအမှုတွနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေပါဝင်သလဲဆိုတာ မေးမြန်းဖို့ ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန တာဝန်ရှိသူ ဦးမင်းထွန်းစိုး ကို RFA က အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် အလုပ်ရှုပ်နေသဖြင့် မဖြေကြားနိုင်သေးကြောင်းသာ ပြန်လည်ဖြေကြားပါတယ်။

အစိုးရအကြီးအကဲတွေအနေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း AAPP အဖွဲ့က တင်ပြထားတဲ့ နိုင်ငံရေးအကျဉ်းသား စာရင်းတွေကို စိစစ်နေပြီး ရန်ကုန်အပါအဝင် မြန်မာနိုင်ငံ အောက်ပိုင်း အကျဉ်းထောင် ၇ ခုက အကျဉ်းသားတွေကို တတိယအသုတ်အဖြစ်လွှတ်ပေးရာမှာ အများက ဝေဖန်ထောက်ပြနေတဲ့ နာမည်ကြီးအကျဉ်းသားတွေ ပါဝင်နိုင်တယ်လို့ ဦးဇော်ဌေးက က နေပြည်တော်မှာ သတင်းထောက် တွေကို ဒီနေ့ ပြောလိုက်ပါတယ်။ တတိယအသုတ်ကိုတော့ ဘယ်ရက်မှာလွှတ်ပေးမယ်ဆိုတာ မသိရသေးပါဘူး။

ဒီသတင်းကို RFA သတင်းထောက် မသီရီမင်းဇင်နဲ့ ကိုဝင်းကိုကိုလတ်တို့ ပေးပို့လိုက်တာပါ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။