ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့တွင်း ပါဝင်နိုင်ကြောင်း သမ္မတ အကြံပေး ပုဂ္ဂိုလ် ပြောဆို
2012.01.09

RFA
ဒီလိုတာဝန်ယူဖို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆန္ဒအပေါ်မှာ မူတည်တယ်လို့ ဒေါက်တာ နေဇင်လတ်က ပြောဆိုပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ တရားဥပဒေ စိုးမိုးရေးကို စိတ်ထက်သန်တယ် ဆိုရင်လည်း တရားရေးနဲ့ ဆိုင်တဲ့ တာဝန်တစ်ခုခု ပေးအပ်နိုင်ဖွယ် ရှိတယ်လို့ ဒေါက်တာနေဇင်လတ် က ပြောပါတယ်။
သူ့ရဲ့ပြောဆိုချက် အပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထားနဲ့ ပတ်သက်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကိုမေးမြန်းတဲ့အခါ -
”ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးကပဲ ဝင်ဖို့ စိတ်ဝင်စားတယ်၊ တကယ်လို့ လွှတ်တော်ထဲ ရောက်လာခဲ့ရင် ရာထူးတို့ ဘာတို့ ဒါတွေ ကျနော် ဘာမှ မသိပါဘူး။ ဒါပေမဲ့NLD အနေနဲ့ ပြောရင် တော့ လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရ နဲ့ ပြည်သူလူထု အကျိုးရှိမယ့် အလုပ်တွေကို ပူးပေါင်း ဆောင်ရွက်တဲ့ နေရာမှာ အကျိုးရှိနိုင်တယ်ပေါ့ ” လို့ အာအက်အေကို ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော်ထဲ ရောက်လာရင် ကြိုဆိုမှာ ဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်က ပြောဆိုခဲ့သလို၊ သမ္မတ ကိုယ်တိုင်က ရွေးကောက်ပွဲတွေကို လွတ်လပ်ပြီး တရားမျှတစေချင်တယ် လို့ ဒေါက်တာ နေဇင်လတ်ရဲ့ ပြောဆိုချက်ကို သတင်းတွေမှာ ဖေါ်ပြပါတယ်။
လွတ်တော်မှာ လက်ရှိ လစ်လပ်နေတဲ့ ကိုယ်စားလှယ် နေရာတွေ အတွက် ကြားဖြတ် ရွေးကောက်ပွဲကို လာမယ့် ဧပြီလ (၁) ရက်နေ့မှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပြီး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ကျင်းပမယ့် နေရာတိုင်းမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ပြင်ဆင် နေပြီ ဖြစ်ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်း စာရင်းတွေကို လာမယ့် ဇန်နဝါရီလ (၁၁) ရက်နေ့နောက်ပိုင်းမှာ ထုတ်ပြန် ကြေညာမယ်လို့ သိရပါတယ်။