သတ်ဖြတ်ခံရသူ လေးဦး အတွက် ဆုတောင်းပွဲကျင်းပ


2015.04.29
prayers-4-murdered-305.jpg သတ်ဖြတ်ခံရသူ လေးဦး အတွက် အောက်မေ့ဖွယ်အခမ်း အနားကို ဧပြီလ ၂၉ ရက်နေ့က ရန်ကုန်မြို့ စမ်းချောင်း မြို့နယ် တီးတိန်ချင်း နှစ်ခြင်း အသင်းတော်ခန်းမမှာ ကျင်းပနေစဉ်။
Photo: Wai Yan Moe Myint/ RFA

အသတ်ဖြတ်ခံလိုက်ရတဲ့ ကချင်တိုင်းရင်းသူ စေတနာ့ ဝန်ထမ်းဆရာမနှစ်ဦး၊ လက်ပံတောင်းဒေသခံ ဒေါ်ခင်ဝင်း နဲ့ အလွတ်သတင်းထောက် ကိုပါကြီးတို့ အတွက် အောက်မေ့ဖွယ်အခမ်းအနားတစ်ရပ်ကို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် တီးတိန်ချင်း နှစ်ခြင်း အသင်းတော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။

အသတ်ခံရတဲ့ ကချင်ဆရာမနှစ်ဦး သေဆုံးတဲ့ရက် ၁၀၀ ပြည့်မှာ ဆုတောင်းပွဲ ကျင်းပတာဖြစ်တယ်လို့ ကရုဏာရှင်အမျိုးသမီးကွန်ရက်က ဒါရိုက်တာ အမ်ဂျာဆိုင်း က ပြောပါတယ်။

"ပတ်ဝန်းကျင်မှာ အသက်ပေး ပြီးတော့ နိုင်ငံတော်အေးချမ်းဖို့အတွက် ပါဝင်သွား ကြတဲ့သူတွေရှိတယ်ဆိုတာကို ကျမတို့ဖော်ပြ ချင်တယ်၊ ဆရာမလေး ၂ ယောက်ရဲ့ရက် ၁၀၀ ပြည့်မှာ ကိုပါကြီးတို့၊ ဒေါ်ခင်ဝင်းတို့ အားလုံးဟာ တန်းတူ ဖြစ်တယ်ဆိုတဲ့ အကြောင်း၊ ဒီလိုလုပ်တာ အမှုမှန်ပေါ်ခြင်း၊ မပေါ်ခြင်း ထက်ကို အဓိက ကတော့ ကျမတို့ပတ်ဝန်းကျင်မှာ ဒီလိုအဖြစ်မျိုးနောက်နောင် ထက်ပြီးတော့ မကြုံတွေ့ရပါစေနဲ့၊ လူတိုင်းဟာ တစ်ယောက်နဲ့ တစ်ယောက် ကရုဏာထားပြီး ချစ်ချင်းမေတ္တာ နဲ့ လျှောက်လှမ်းနိုင်ပါစေဆိုတဲ့ စိတ်ကလေးနဲ့ ဒီပွဲလေးကိုဖြစ်အောင်လုပ်တာပါ"

အခမ်းအနားမှာ သတ်ဖြတ်ခံရသူ ကချင်ဆရာမနှစ်ဦးဖြစ်တဲ့ မရန်လုရာနဲ့ တန်ဘောင်ခေါန်နန်စင်၊ လက်ပံတောင်းဒေ သခံ ဒေါ်ခင်ဝင်း၊ အလွတ်သတင်းထောက် ကိုပါကြီးတို့ရဲ့ မိသားစုဝင်တွေ တက်ရောက်ခဲ့ပြီး ဆုတောင်း စကားတွေ ပြောကြားခဲ့ကြပါတယ်။

ကချင်ကျောင်းဆရာမနှစ်ဦးဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်း ကြူကုတ်မြို့ ကောင်းခါးကျေးရွာမှာ ဇန်နဝါရီလ ၁၉ ရက်နေ့က သတ်ဖြတ်ခံခဲ့ရ တာဖြစ်ပါတယ်။

တက်ရောက်လာကြသူတွေက အလှူငွေတွေ ထည့်ဝင်ကြပြီး သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို တစ်ပါ တည်းပေးအပ်လှူဒါန်းခဲ့ကြပါတယ်။

ဒီနေ့အခမ်းအနားကို ကရုဏာရှင်အမျိုးသမီးကွန်ရက်က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး ဘာသာကြီးလေးခု က ခေါင်းဆောင်တွေ တက်ရောက်ဆုတောင်းပေးခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။