သတ်ဖြတ်ခံ ကချင်ဆရာမနှစ်ဦးအတွက် ဆုတောင်းပွဲတွေ ပြုလုပ်
2015.02.19

မူဆယ်ခရိုင်၊ ကောင်းခါးကျေးရွာမှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ ကျောင်းဆရာမနှစ်ဦးအတွက် တစ်လပြည့်အထိမ်းအမှတ်အဖြစ် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က ဘုရားရှိခိုးကျောင်း ၄၀၀ နီးပါးမှာ ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ကြပါတယ်။
ဒီနေ့ မနက် ၆ နာရီကနေ မနက်ဖြန်မနက် ၆ နာရီအထိ ၂၄ နာရီတိတိ အစာရှောင်ဆုတောင်းပွဲကျင်းပတာလို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အဖွဲ့ဝင် ဆရာဖုန်ဆိုင်းက ပြောပါတယ်။
"အသင်းတော်အသီးသီးကနေပြီးတော့ ဒီနေ့တချိန် တည်းမှာပဲ အစာရှောင်ဆုတောင်းခြင်း အစီအစဉ်မှာ ဆရာမနှစ်ယောက်အတွက် အောက်မေ့သတိရတဲ့ အစီအစဉ်ရယ်၊ ဒီလိုကိစ္စမျိုး နောက်နောင်ထပ်မဖြစ်ဖို့ အတွက် ဒါကကျနော်တို့ ဆုတောင်းနေကျပုံစံမျိုးပေါ့နော်၊ ဒီအမှုမှန်ပေါ်ပေါက်ရေးအတွက် ဘုရားသခင် ကူညီပေးနိုင်ဖို့ လမ်းပြပေးနိုင်ဖို့ ဒီအမှုမှန်ပေါ်ပေါက်ရေးကော်မတီရဲ့ လှုပ်ရှားတဲ့အခန်းကဏ္ဍတွေ အောင်မြင် ဖို့ ကောင်းခါးဒေသမှာရှိတဲ့ ဒေသခံပြည်သူတွေ စစ်ဆေးမေးမြန်းတဲ့ကိစ္စတွေ အစိုးရဘက်က ဖိအားပေးလာ တာတွေရှိလာလို့ သူတို့ဘက်က စိုးရိမ်ထိတ်လန့်နေတဲ့ဟာတွေ ပြေပျောက်ဖို့အတွက် အဖက်ဖက်က အဆင်ပြေချောမွေ့စွာနဲ့ အမှုမှန်ပေါ်ပေါက်လာဖို့အတွက် ဆုတောင်းတဲ့အစီအစဉ်ပါ"
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ဖွဲ့စည်းထားတဲ့ အမှုမှန်ပေါ်ပေါက်ရေးကော်မတီက ကောင်းခါးကျေးရွာမှာ အစိုးရစုံစမ်းစစ်ဆေးရေးကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်နေတာရှိပါတယ်။
အစိုးရက ကျောင်းဆရာမနှစ်ဦး သတ်ဖြတ်ခံရမှုအတွက် သံသယရှိတယ်လို့ယူဆရတဲ့ ဒေသခံနှစ်ဦး ဟာ ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်း ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။