PPST အစည်းအဝေး ဒီဇင်ဘာလဆန်းပိုင်း ကျင်းပမည်


2018.11.24
ppst-meeting-oct10-622 EAO ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ခေါင်းဆောင်တွေ ၂၀၁၈၊ အောက်တိုဘာ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တေ့ွဆုံဆွေးနွေးကြစဉ်
Photo: Aung Moe Myint/ RFA

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ဒီဇင်ဘာလဆန်းမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ငြိမ်းချမ်ရေးလုပ်ငန်း ဦးဆောင်အဖွဲ့ အစည်းအဝေးကို ကျင်းပပေးဖို့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့က ခေါင်းဆောင်တွေဟာ အဖွဲ့ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူးတူးစေးဖိုး ဆီကို စာရေးသား တောင်းဆိုထားတာဖြစ်ပါတယ်။

ဒါပေမဲ့ KNU အဖွဲ့က PPST ကိုယ်စားလှယ် ပြောင်းလဲဖို့ရှိတာကြောင့် ဦးဆောင် မကျင်းပနိုင်ဘူးဆိုရင် ကျန်ရှိနေတဲ့ တိုင်းရင်းသားအဖွဲ့တွေက ဦးဆောင်ပြီး ဒီဇင်ဘာ ပထမပတ်မှာ ကျင်းပသွားမယ်လို့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေ၊ နိုင်ငံရေးဆွေးနွေးပွဲတွေကို တချို့အဖွဲ့တွေက ယာယီရပ်ဆိုင်းထားတာတွေကို ညှိနှိုင်းဖို့အတွက် PPST အစည်းအဝေးခေါ်ဖို့ တောင်းဆိုတာလို့လည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

PPST ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားတဲ့ KNU ကိုယ်စားလှယ် ဗိုလ်ချုပ်ကြီး မူးတူးစေးဖိုး နေရာမှာ KNU က အထွေထွေအတွင်းရေးမှူးချုပ် ပဒို စောတာဒိုးမူးကို ပြောင်းလဲ တာဝန်ပေးလိုက်တာကြောင့် ဒီအစည်းအဝေးကျင်းပရင် PPST ခေါင်းဆောင်းနေရာအတွက် ပြန်လည်ရွေးချယ်မယ်လို့လည်း သိရပါတယ်။

PPST အစည်းအဝေးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့ကနေ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် KNU က အဖွဲ့တွင်း ငြိမ်းချမ်းရေးလုပ်ငန်း ပြန်လည်သုံးသပ်တာတွေ လုပ်ခဲ့တာကြောင့် အစည်းအဝေး မကျင်းပနိုင်ဘဲ ရွှေ့ဆိုင်းထားတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။