စစ်ကောင်စီဥက္ကဋ္ဌရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို တုံ့ပြန်ဖို့ PPST ဆွေးနွေး

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနဲ့ ပတ်သက် လို့ တုံ့ပြန်ဖို့အတွက် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းတွေအကြား ဆွေးနွေးနေကြပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌက သူကိုယ်တိုင် လက်ခံတွေ့ဆုံမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် မေလ ၉ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးဖို့ ပြောဆိုထားပါတယ်။
ဒီဖိတ်ခေါ်ချက်အတွက် အပစ်ရပ်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)က အထူးအစည်းအဝေးတစ်ရပ်ကို Online ကနေတစ်ဆင့် ဒီကနေ့ မေလ ၆ ရက်ကနေ ၇ ရက်နေ့အထိ နှစ်ရက်ဆက်ကျင်းပနေတာပါ။
PPST ခေါင်းဆောင် နိုင်အောင်မင်းကတော့ ဒီအစည်းအဝေးဟာ PPST အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းအဖွဲ့တွေအကြား အမြင်သဘောထားတွေဖလှယ်တာ၊ သဘောထားစုစည်းတာနဲ့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ဖြစ်တယ်လို့ ဒီကနေ့ ပြောပါတယ်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရေးမူကို PPST က လက်ကိုင်ထားပြီး ဘယ်ဆွေးနွေးမှုမှာပဲဖြစ်ဖြစ် သက်ဆိုင်သူအားလုံး ပါဝင်ရမှာဖြစ်သလို ပဋိပက္ခတွေကို လျှော့ချပြီး အရပ်သားတွေကို အကာအကွယ်ပေးနိုင်ဖို့ ကြိုးစားရမယ်လို့လည်း နိုင်အောင်မင်းက ပြောပါတယ်။
PPST မှာ NCA လက်မှတ်ထိုးထားတဲ့ DKBA၊ KNU/KNLA-PC၊ ALP၊ ABSDF၊ NMSP၊ LDU၊ PNLO တို့ပါဝင်ပြီး RCSS၊ KNU နဲ့ CNF တို့က အမြဲတမ်းအဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက် ထားပေမယ့် PPST ရဲ့ ဆက်စပ်အဖွဲ့ အစည်းတွေအနေနဲ့ ရပ်တည်နေတာပါ။