မြန်မာနိုင်ငံရဲ့ ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်ရှိတယ်လို့ စစ်ကောင်စီထုတ်ပြန်
2023.10.02

၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့အထိ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၆ ဒသမ ၂ သန်းရှိတယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အောက်တိုဘာလ ၂ ရက်ထုတ် စစ်ကောင်စီအာဘော်သတင်းစာတွေကနေ ထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်းကလူဦးရေ ကိုးသန်းနဲ့အများဆုံးဖြစ်ပြီး မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်က လူဦးရေ ၆ ဒသမ ၈ သန်းစီနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ ဧရာဝတီတိုင်းကတော့ ၆ ဒသမ ၂ သန်းနဲ့ တတိယလူဦးရေအများဆုံး ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ ၁၅ ရက်အထိ နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၂၀ မှာ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူဖို့ လုပ်နေချိန်မှာပဲ ထုတ်ပြန်လာတာပါ။
ပြည်လုံးကျွတ်သန်းခေါင်စာရင်းကိုတော့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှာ ကောက်ယူမှာဖြစ်ပြီး အဲဒီနောက်မှာ အထွေထွေရွေးကောက်ပွဲလုပ်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလ ၉ ရက် ရှမ်းပြည်နယ်ခရီးစဉ်မှာ ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့တော့ ဒီမိုကရေစီအင်အားစုတွေက ဆန့်ကျင်နေကြပါတယ်။ အောက်တိုဘာလ ၂ ရက်နေ့မှာပဲ ရန်ကုန်မြို့မှာ လူငယ်တချို့က ဦးဆောင်ပြီး အတုအယောင်ရွေးကောက်ပွဲအလိုမရှိဆိုတဲ့ စတစ်ကာတွေကပ်ပြီး လှုပ်ရှားမှုလုပ်ခဲ့ပါတယ်။