မြန်မာနိုင်ငံလူဦးရေ ၅၁ သန်းခွဲနီးပါး ရှိကြောင်း သတင်းထုတ်ပြန်
2015.05.29

မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ ဒသမ ၅ သန်းနီးပါးရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
၂ဝ၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာကို နေပြည်တော်မှာရှိတဲ့ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ ဒီနေ့ ထုတ်ပြန်လိုက်တာပါ။
ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုကနေရရှိလာတဲ့ လူဦးရေစာရင်းဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဆောင်ရွက်ဖို့ အကျိုးရှိမှာဖြစ်တယ်လို့ နိုင်ငံတော် သမ္မတဦးသိန်းစိန်က အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
"လူမှုရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ်မှာ အဓိကထားတယ်၊ ပညာရေးပြောင်းလဲမှု ဆိုင်ရာလုပ်ငန်းစဉ်တွေများ တိုင်းရင်းသားမျိုးနွယ်စုများရဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များ ဆောင်ရွက်နေပါတယ်၊ လူဦးရေစာရင်းများ အဓိကအထောက်အကူ ဖြစ်မှာဖြစ်ပါတယ်၊ ဒါကြောင့်မို့လည်း ပေါ်ပေါက်လာမယ့် နိုင်ငံရေးဆွေးနွေးပွဲများမှကနေတဆင့် ဖက်ဒရယ်စနစ်ကို အခြေခံပြီးတော့ ပြည်ထောင်စုကို တည်ဆောက်လို့ရပါတယ်"
ဒီနေ့ထုတ်ပြန်တဲ့အစီရင်ခံစာဟာ ပြီးခဲ့တဲ့နှစ် မတ်လ ၂၉ ရက်နေ့ကနေ ဧပြီလ ၁ဝ ရက်နေ့အထိ ကောက်ယူ ထားတာဖြစ်ပြီး အမျိုးသား ၂၄ သန်းကျော်နဲ့ အမျိုးသမီး ၂၆ သန်းကျော်ရှိပြီး အမျိုးသမီးဦးရေဟာ ၂ သန်းနီးပါး ပိုများပါတယ်။
လက်ရှိထုတ်ပြန်ချက်ဟာ လုံခြုံရေးအခြေအနေအရ စာရင်းမကောက်ယူနိုင်ခဲ့တဲ့ ကချင်၊ ကရင်နဲ့ ရခိုင်ပြည်နယ်ဒေသအချို့က ခန့်မှန်းလူဦးရေ ၁ သန်းကျော်ကို ထည့်သွင်းထားတာဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ အိမ်ပိုင်ဆိုင်သူဟာ လူဦးရေစုစုပေါင်းရဲ့ ၈၅ ရာခိုင်နှုန်းရှိပြီး လျှပ်စစ်မီးသုံးစွဲနိုင်မှုဟာ ၃၂ ရာခိုင်နှုန်းကျော်ရှိတယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မစန်းမော်အောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။