၁၅ နှစ်အတွင်း သက်ကြီးရွယ်အိုဦးရေ နှစ်ဆဖြစ်လာနိုင်
2017.12.14

ကောက်ယူရရှိထားတဲ့ သန်းခေါင်စာရင်း အချက်အလက်တွေအပေါ်မူတည်ပြီး ခန့်မှန်းချက်အရ မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်ကနေ ၂၀၃၀ ခုနှစ် အထိ ၁၅ နှစ်အတွင်း သက်ကြီးရွယ်အို ဦးရေ နှစ်ဆဖြစ်လာနိုင်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးသိန်းဆွေ က ပြောပါတယ်။
နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ ဒီကနေ့ ကျင်းပတဲ့ ပြည်လုံးကျွတ်လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်ပြီးမြောက်ခြင်း အထိမ်းအမှတ်အခမ်းအနားမှာ သက်ကြီးရွယ်အို ဦးရေ တိုးပွားလာနိုင်ချေနဲ့ ပတ်သက်ပြီး ဝန်ကြီးဦးသိန်းဆွေ က အခုလိုပြောတာဖြစ်ပါတယ်။
"သန်းခေါင်စာရင်းမှရရှိလာတဲ့ မွေးနှုန်း သေနှုန်း ပြောင်းရွှေ့နှုန်းတွေကို အခြေခံပြီး လူဦးရေခန့်မှန်းရာမှာ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ သက္ကရာဇ် ၂ဝ၅၀ မှာ ၆၅ သန်းခန့်ရှိလာမယ်လို့ ခန့်မှန်းရရှိပါတယ်၊ သက္ကရာဇ် ၂ဝ၁၅ နဲ့ ၂ဝ၃ဝ ကြားမှာ သက်ကြီးရွယ်အိုဦးရေ နှစ်ဆခန့် တိုးပွားလာမယ်လို့ ခန့်မှန်းရပါတယ်"
အဲဒီအတွက် ပုဂ္ဂလိက ကဏ္ဍတွေမှာ ပင်စင်စနစ်တွေ ဖြစ်ထွန်းလာစေဖို့၊ သက်ကြီးရွယ်အိုဘဝအတွက် ကြိုတင်ပြင် ဆင်တဲ့အနေနဲ့ ငွေစုဆောင်းကြဖို့နဲ့ သက်ကြီးရွယ်အိုတွေလည်း တတ်နိုင်တဲ့အလုပ်တွေကို ဆက်လက်လုပ်ဆောင် ကြဖို့ကို အားပေးကြရမယ်လို့လည်း ဦးသိန်းဆွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်ရှိပြီး အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုလူဦးရေ နှစ်သန်းကိုးသိန်းနီးပါး ရှိတဲ့အတွက် လာမယ့် ၂၀၃၀ မှာ ငါးသန်းရှစ်သိန်းနီးပါး ရှိလာမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၈၃ ခုနှစ်က နောက်ဆုံးကောက်ယူခဲ့ပြီး နှစ်ပေါင်း ၃၀ အတွင်း ပထမအဆုံးအကြိမ် သန်းခေါင် စာရင်းကောက်ယူတာကို ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့ပြီး ဆယ်နှစ်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူဖို့ ဆောင်ရွက်မယ်လို့ သိရပါတယ်။