နှစ်ကုန်မှာ သန်းခေါင်စာရင်း အပြီးသတ်ကောက်နိုင်မယ့်အကြောင်း စစ်ခေါင်းဆောင်ပြော
2024.11.19

လက်ရှိသန်းခေါင်စာရင်းကောက်ယူမှုဟာ နိုင်ငံ့လူဦးရေ ၆၃ ရာခိုင်နှုန်းကျော်ကို ကောက်ယူနိုင်ခဲ့ပြီး ကျန်နေတဲ့နေရာတွေကို ၂၀၂၄ နှစ်ကုန်မှာ အပြီးသတ်ကောက်ယူနိုင်မယ်လို့ ခန့်မှန်းကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
နိုဝင်ဘာလ ၁၉ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
သန်းခေါင်စာရင်းကောက်ယူဖို့ ကျန်တဲ့နေရာတွေကို အနီးစပ်ဆုံးလူဦးရေစာရင်းအထိ ရရှိအောင် ဆက်လက်ကောက်ယူနေတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီက သန်းခေါင်စာရင်းကို လူအင်အား ၄၂၀၀၀ ကျော်နဲ့ အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ ကောက်ယူမယ်လို့ ကြေညာခဲ့တာပါ။
အောက်တိုဘာ ၁၆ ရက်နေ့မှာတော့ အကြောင်းကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း မကောက်ရသေးတဲ့နေရာတွေကို အောက်တိုဘာ ၃၁ ရက်နေ့အထိ ရက်တိုးကောက်ယူသွားမယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေကနေ ထမ်မံကြေညာခဲ့ပါတယ်။
လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ဒေသတွေနဲ့ မုန်တိုင်းကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတဲ့ဒေသတွေမှာရှိတဲ့ ပြည်သူတွေ စာရင်းအားလုံး ပါဝင်နိုင်ဖို့အတွက် အချိန်ယူပြီး ကောက်ခံဖို့ လိုနေတယ်လို့ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်က အောက်တိုဘာ ၁၆ ရက်နေ့မှာ RFA ကို ပြောဆိုထားပါတယ်။
စစ်ကောင်စီ သန်းခေါင်စာရင်း ကောက်ယူချိန်မှာ စစ်ကိုင်း၊ မန္တလေး၊ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်တွေမှာ သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့တွေ တိုက်ခိုက်ခံရတာ၊ ဖမ်းဆီးခံရတာ၊ အသတ်ခံရတာတွေလည်း ရှိခဲ့ပါတယ်။