သန်းခေါင်စာရင်းကောက်ချိန် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် စစ်ဘေးဒုက္ခသည်တိုးလာ

RFA Burmese
2024.10.11
သန်းခေါင်စာရင်းကောက်ချိန် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် စစ်ဘေးဒုက္ခသည်တိုးလာ ရန်ကုန်မြို့တစ်နေရာတွင် သန်းခေါင်စာရင်းကောက်ယူနေသည်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက မြို့နယ်တချို့မှာ သန်းခေါင်စာရင်းကောက်တဲ့ ကာလအတွင်း စစ်ကောင်စီတပ်က အင်အားအလွန်အကျွံသုံးတာအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် စစ်ဘေးဒုက္ခသည် နှစ်သောင်းနီးပါး တိုးလာနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက အောက်တိုဘာလ ၁၁ ရက်နေ့မှာ ပြောပါတယ်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်တောင်ပိုင်း၊ တနင်္သာရီမြောက်ပိုင်းတို့က မြို့နယ်ပေါင်း ၁၄ ခုမှာ သန်းခေါင်းစာရင်းကောက်ယူမှု အကြိုကာလကစလို့ တစ်လအတွင်းမှာ ထပ်တိုးလာတာလို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HUFORM) ရဲ့ ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က RFA ကို ပြောပါတယ်။

"ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက် စပြီးကောက်ကတည်းက သူတို့ရဲ့လုံခြုံရေးအရ နယ်မြေစိုးမိုးမှုလုပ်တဲ့နေရာမှာ တပ်နဲ့ လက်နက်နဲ့ ခြိမ်းခြောက်ပြီးတော့ ပစ်ခတ်မှုတွေ လုပ်တာရှိတယ်။ လက်နက်ကြီးနဲ့ သူတို့သွားမဲ့နေရာတွေကို ကြိုတင်ပစ်ခတ်တာတို့၊ တပ်တွေ ဖြန့်ကြက်ပြီးတော့ စစ်အင်အားအလုံးအရင်းနဲ့ အင်အားပြနေရာယူတာတို့ လုပ်နေပါတယ်"

သန်းခေါင်စာရင်းကောက်ချိန်မှာ လုံခြုံရေးအင်အား အလုံးအရင်း သုံးတာ၊ စစ်ကောင်စီတပ်သားတွေက ကြိုတင်နေရာယူတာ၊ ရပ်ရွာတွေထဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိနေတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူတွေ တိုးလာနေတာလို့ ဆိုပါတယ်။

တနင်္သာရီတိုင်းမှာတော့ စစ်ဘေးဒုက္ခသည် စုစုပေါင်း ခြောက်သောင်းနီးပါးရှိနေပြီး စစ်ကောင်စီတပ်က ရက်ရှည်စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးနဲ့ ဒရုန်းအသုံးပြု တိုက်ခိုက်တာတွေ ပိုများလာတယ်လို့ FE5 Tanintharyi အဖွဲ့ တာဝန်ရှိသူ ကိုကျော်က ပြောပါတယ်။

"အခုနောက်ပိုင်းမှာ သူတို့စစ်ဆင်ရေးပုံစံတွေ ပြောင်းလာတယ်။ စစ်ကြောင်းတွေက ရက်ရှည်စစ်ကြောင်းတွေ ထိုးတယ်။ လက်နက်ကြီးပစ်ခတ်မှု ပိုများတယ်။ ဒရုန်းအသုံးပြု ပစ်ခတ်မှုတွေ ပိုများလာတယ်"

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီကတော့ သန်းခေါင်စာရင်းကောက်ယူရေးဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေနဲ့ မူဝါဒတွေ ချမှတ်ဖို့ အရေးကြီးတဲ့ လူမှုစီးပွားဆိုင်ရာ အချက်အလက်တွေ ရနိုင်တဲ့ တစ်ခုတည်းသော စီမံကိန်းဖြစ်တယ်လို့ ပြောထားပါတယ်။ ဒါကြောင့် နိုင်ငံတစ်ဝန်း အပြည့်အ၀ကောက်ယူနိုင်ဖို့ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့တွေ လုံခြုံရေးအတွက် တိုးမြှင့်ဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတစ်ဝန်းက စစ်ကောင်စီထိန်းချုပ်နိုင်တဲ့ နယ်မြေတွေကို အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူနေပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်တွေက မြို့နယ်ခြောက်ခုမှာ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့တွေ ဆန့်ကျင်တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။