ပုပ္ပါးတောင် မြေထပ်ပြိုနိုင်
2018.02.22
မြေပြိုမှုဖြစ်ခဲ့တဲ့ ပုပ္ပါးတောင်ကို မောင်းသူမဲ့ လေယာဉ်ငယ် Drone နဲ့ ဓါတ်ပုံရိုက်ကြည့်ရာမှာ နောက်ထပ်မြေပြိုနိုင် တဲ့ နေရာတွေရှိနေတာကို တွေ့ရတယ်လို့ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းက ပြောပါတယ်။
Drone နဲ့ ရိုက်ကြည့်တဲ့အခါမှာ မြေပြိုတဲ့နေရာကို ရှင်းလင်းလင်းတွေ့ရသလို နောက်ထပ်ပြိုနိုင်တဲ့ နေရာတွေကို လည်း အများကြီးတွေ့ရကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း အတွင်းရေးမှူး ဦးသန်းထွန်း က ပြောပါတယ်။
"Drone နဲ့ ကျနော်တို့ ဓါတ်ပုံရိုက်တဲ့အခါ မြေပြိုတဲ့နေရာတွေကို အများကြီး ကျနော်တို့ ရှင်းရှင်းလင်းလင်း တွေ့ရတယ်၊ နောက်ထပ်ပြိုမယ့် နေရာတွေကလည်း အများကြီးပဲရှိနေသေးတယ်၊ အန္တရာယ်တော့ တော်တော်များတယ်၊ အဓိကကတော့ လူတွေရဲ့ နည်းစနစ်ကျကျ မဆောက်တတ် မနေတတ်လို့လည်း ဖြစ်ရတာက ပိုများသွားတာပေါ့လေ၊ သဘာဝကိုက မြေကအမြဲတမ်း လျောကျနေတာပဲလေ၊ လူတွေနေတဲ့နေရာ မှာ ရုတ်တရက်ကြီး ဝုန်းကနဲပြိုမှာပဲ ကျနော်တို့က စိုးရိမ်တာ၊ ဒါဘယ်သူမှ မပြောနိုင်ဘူး၊ ဘယ်အင်ဂျင်နီယာမှ မပြောနိုင်ဘူး"
မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းဟာ ပုပ္ပားတောင်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းက ကွင်းဆင်းခဲ့ကာ စမ်းသပ် မှုတွေပြုလုပ်ခဲ့ပြီး လာမယ့် ၂၄ ရက်နေ့မှာလည်း ဒုတိယအကြိမ်အနေနဲ့ မြေတူးတဲ့ လွန်စက်တွေနဲ့ ထပ်ပြီးသွားရောက်စမ်းသပ်မှာ ဖြစ်ပါတယ်။
အဲဒီလို ထပ်မံစမ်းသပ်ရာမှာ မြေတိုင်းအဖွဲ့၊ ဘူမိအင်ဂျင်နီယာတွေ၊ ကျောက်အမျိုးအစားခွဲတဲ့ ဘူမိဗေဒ၊ လွန်တူးတဲ့ လွန်စက်သမားတွေ စတဲ့ပညာရှင်အစုံပါမှာဖြစ်တယ်လို့ ဦးသန်းထွန်းက ပြောပါတယ်။
အဲဒီလိုလွန်တူး စမ်းသပ်ပြီးရင် ဘာတွေလုပ်သင့်တယ်ဆိုတာတွေ ပြောနိုင်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။
လဆန်းပိုင်းသွားခဲ့တုန်းက မရွေ့တဲ့မြေနေရာ ၃ ခုမှာ အမှတ်အသားတွေထားခဲ့သလို ရွေ့နေတဲ့မြေ သားနေရာတွေမှာလည်း အမှတ်အသားတွေထားခဲ့ပြီး ပြန်လည်နှိုင်းယှဉ် စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၉ ရက်နေ့က စတင်ကာ ပုပ္ပါးတောင်အနီးက အောင်သိဒ္ဓိကုန်းမှာရှိတဲ့ ဆိုင်ခန်းနဲ့ နေအိမ် ၁၀၀ လောက်မှာ အက်ကွဲကြောင်းတွေဖြစ်ပေါ်လာပြီး တောင်တက်ကားလမ်းမှာလည်း မြေအက် ကွဲကြောင်းတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းမှာ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းက ပညာရှင်တွေက လေ့လာဆန်းစစ်မှုတွေ ဆက်တိုက်ပြု လုပ်နေတာ ဖြစ်ပါတယ်။