ပုပ္ပါးတောင်ကလပ်အနီး မြေဖို့တာ နေအိမ်ဆောက်လုပ်တာတွေ မလုပ်ဖို့ တားမြစ်

ပုပ္ပါးတောင်အနီးက မြေကျွံကျသွားတဲ့နေရာကို တွေ့ရစဉ်
ပုပ္ပါးတောင်အနီးက မြေကျွံကျသွားတဲ့နေရာကို တွေ့ရစဉ် (ဓါတ်ပုံ - ကျောက်ပန်းတောင်းလူငယ်ကွန်ရက် ဖေ့စ်ဘွတ်)

ပုပ္ပါးတောင် ထိန်းသိမ်းကာကွယ်ရေးကော်မတီက ဆုံးဖြတ်ချက်ချပြီး ဒေသန္တရအမိန့်ထုတ်လိုက်တာ ဖြစ်တယ် လို့ ကျောက်ပန်းတောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင် က ပြောပါတယ်။

"မြောက်ဘက်စမယ်ဆိုရင် ဟိုတယ်တက်မယ့်လမ်းက စတာပေါ့နော်၊ အနောက်ဘက်ဆိုရင် သံဃာ့ဆေး ရုံကစတယ်၊ တောင်ဘက်ဆိုရင် တောင်ကလပ်ရဲ့ ဟိုးအောက်ဆုံးမှာ ဆင်းသွားတဲ့ ဘုရားဖူးတွေတည်း တဲ့ ဟိုဘက် ကိုက် ၅၀၀ လောက်အထိ သတ်မှတ်လိုက်တာ၊ အရှေ့ဘက်ဆိုရင် ပုပ္ပါးတောင် ကာကွယ် ဥယျာဉ်တောအထိ သတ်မှတ်လိုက်တယ်၊ အဲအတွင်းမှာတော့ လေးဘက်လေးတန်တော့ အဆောက် အဦး ဆောက်လုပ်ခွင့်တွေ၊ မြေဖို့ခြင်းတွေ လုံးဝလက်မခံတော့ဘူးလို့ တောင်ကလပ် ထိန်းသိမ်းရေးကော်မတီအနေနဲ့ ဆုံးဖြတ်ပြီး ဒေသန္တရဥပဒေ ထုတ်လိုက်ပါပြီ"

ပုပ္ပါးတောင်ထိန်းသိမ်းကာကွယ်ရေးကော်မတီဟာ ပုပ္ပါးတောင်ကလပ်ရဲ့ မြေသားအက်ကွဲမှု အခြေအနေတွေ ကို နေ့စဉ်စောင့်ကြည့်ပြီး တိုင်းအစိုးရအဖွဲ့ထံကို တင်ပြပေးနေတာ ဖြစ်ပါတယ်။

မနေ့ကအထိ စစ်ဆေးမှုတွေအရ တောင်ကလပ်ရဲ့ မြေသားတွေဟာ ရွေ့လျားမှုအနည်းငယ် ရှိနေသေးတယ်လို့ လည်း ဦးအေးခိုင် က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့က စတင်ကာ အောင်သိဒ္ဓိကုန်းမှာရှိတဲ့ ဆိုင်ခန်းနဲ့ နေအိမ် ၁၀၀ လောက်မှာ အက်ကွဲကြောင်းတွေ ဖြစ်ပေါ်လာတာဖြစ်ပြီး တောင်တက်ကားလမ်းမှာလည်း မြေအက်ကွဲကြောင်းတွေ ဖြစ်ပေါ်ခဲ့တာပါ။

လက်ရှိမှာ အောင်သိဒ္ဓိကုန်းအနီးအထိကိုသာ ဘုရားဖူးကားတွေတက်ခွင့်ပြုပြီး ပုပ္ပါးတောင်ကလပ်ကို လာရောက် မယ့် ခရီးသွားတွေကို ခြေလျင်သာ သွားခွင့်ပြုထားတာ ဖြစ်ပါတယ်။

ပုပ္ပါးတောင်ကလပ်ကို လာရောက်တဲ့ဘုရားဖူးတွေ လျော့နည်းသွားတာမရှိဘဲ ပုံမှန်အတိုင်းပဲရှိနေတယ်လို့ ဒေသ ခံတွေက ပြောပါတယ်။