ပုပ္ပါးတောင် ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်း


2017.10.24
popa-622.jpg ပုပ္ပါးတောင်အနီးက မြေကျွံကျသွားတဲ့နေရာကို တွေ့ရစဉ်
ဓါတ်ပုံ - ကျောက်ပန်းတောင်းလူငယ်ကွန်ရက် ဖေ့စ်ဘွတ်

ပုပ္ပါးတောင်ကလပ်ရဲ့ ပြောင်းလဲမှု အခြေအနေတွေကို လေ့လာဖို့အတွက် ပုပ္ပါးတောင်ကာကွယ်ရေးအဖွဲ့ကို မန္တလေးတိုင်းဝန်ကြီးချုပ်က ဖွဲ့စည်းဖို့ ညွှန်ကြားလိုက်တယ်လို့ ကျောက်ပန်းတောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအေးခိုင် က ပြောပါတယ်။

အဲဒီအဖွဲ့ဟာ ပုပ္ပါးတောင်ကလပ်ရဲ့ မြေသားအက်ကွဲမှု နေ့စဉ်အခြေအနေတွေကို တိုင်းအစိုးရအဖွဲ့ထံ တင်ပြပေးရမှာ ဖြစ်တယ်လို့ ဦးအေးခိုင် က ပြောပါတယ်။

"ပုပ္ပါးတောင်ကာကွယ်ဖို့အဖွဲ့ ဖွဲ့ခိုင်းတယ်၊ ဝန်ကြီးချုပ် မှာကြားတဲ့အတိုင်းပဲ ဒီနေ့ဖွဲ့ပြီးပါပြီခင်ဗျ၊ ဘူမိဗေဒသူတွေက ပြောတဲ့အတိုင်းပဲ ကျနော်တို့ တိုင်တွေဘယ်လိုထောင်၊ အက်ကွဲကြောင်း ဒီနေ့ ဘယ်လောက်ထပ်ပြီးတော့ အက်ကွဲသွားတယ်၊ မနက်ဖြန်မှာ ဘယ်လောက်အက်ကွဲသွားတယ်၊ အဲကိစ္စတွေအားလုံးကို သူ့ကို နေ့စဉ်နေ့တိုင်း ရီပို့ ပို့ပေးရမယ်"

အဲဒီအဖွဲ့ကို တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ၊ ဆောက်လုပ်ရေး၊ စည်ပင်သာယာရေး စတဲ့ ဌာနဆိုင်ရာတွေ၊ ပုပ္ပါးတောင်ချစ်သူများအသင်းတို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

အဲဒီအဖွဲ့ဟာ မနက်ဖြန်မှာ သွားရောက်ကွင်းဆင်းလေ့လာမှာဖြစ်ပြီး အခြေအနေအသေးစိတ်ကို တိုင်းဝန်ကြီး ချုပ်ထံ ပြန်လည်တင်ပြရမှာ ဖြစ်ပါတယ်။ အဲဒီတင်ပြချက်အပေါ်အခြေခံကာ ဧရိယာတစ်ခုသတ်မှတ်ပြီး အဲဒီ ဧရိယာအတွင်း မြေဖို့တာ၊ နေအိမ်ဆောက်တာတွေကို တားဆီးသွားမယ်လို့လည်း ဦးအေးခိုင် က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့ကစပြီး အောင်သိဒ္ဓိကုန်းမှာရှိတဲ့ ဆိုင်ခန်းနဲ့ နေအိမ် ၁၀၀ လောက်မှာ အက်ကွဲကြောင်းတွေ ဖြစ်ပေါ်လာတာဖြစ်ပြီး တောင်တက်ကားလမ်းမှာလည်း မြေအက်ကွဲကြောင်းတွေ ဖြစ်ပေါ် ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘူမိသိပ္ပံပညာရှင်တွေက ၂ ရက်တာ ကွင်းဆင်းလေ့လာခဲ့ပြီး နေ့စဉ်စောင့်ကြည့် လေ့လာရမယ့် နည်းစနစ်တွေကို ပုပ္ပါးတောင်ကာကွယ်ရေးအဖွဲ့ကို ညွှန်ကြားပေးခဲ့တာဖြစ်ပါတယ်။  

လက်ရှိမှာ အောင်သိဒ္ဓိကုန်းအနီးအထိကိုသာ ကားတွေတက်ခွင့်ပြုပြီး ပုပ္ပါးတောင် ကလပ်ကို လာရောက်မယ့် ခရီးသွားတွေကို ခြေလျင်သာ သွားခွင့်ပြုထားတာ ဖြစ်ပါတယ်။

ပုပ္ပါးတောင်ကလပ်မှာ ဘုန်းကြီးကျောင်း ၁၈ ကျောင်း၊ အိမ်ခြေ ၂၂၀ နဲ့ လူဦးရေ ၉၀၀ နီးပါး ရှိနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။