အန္တရာယ်ဇုန်အတွင်း ကျရောက်နေတဲ့ နေအိမ် ၁၂၀ လောက်ရှိ


2017.11.05
popa-622.jpg ပုပ္ပါးတောင်အနီးက မြေကျွံကျသွားတဲ့နေရာကို တွေ့ရစဉ်
ဓါတ်ပုံ - ကျောက်ပန်းတောင်းလူငယ်ကွန်ရက် ဖေ့စ်ဘွတ်

ပုပ္ပါးတောင်ကလပ် မြေသားကျွံကျမှုကြောင့် အရေးပေါ်အခြေအနေဖြစ်ပေါ်လာရင် ပြောင်းရွှေ့ပေးနိုင်ဖို့အတွက် သတ်မှတ်ထားတဲ့ အန္တရာယ်ဇုန်အတွင်း ကျရောက်နေတဲ့ အိမ်ခြေစာရင်းကို လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ပုပ္ပါးတောင် ထိန်းသိမ်းကာကွယ်ရေးကော်မတီက စာရင်းကောက်ယူနေပါတယ်။

အန္တရာယ်ဇုန်အတွင်း ကျရောက်နေတဲ့ အိမ်ခြေ ၁၂၀ လောက် ရှိတယ်လို့ ကျောက်ပန်းတောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင် က ပြောပါတယ်။

"ဝန်ကြီးချုပ် ညွှန်ကြားခဲ့သလိုပဲ အိမ်ထောင်စုစာရင်းတွေကောက်တယ်၊ အန္တရာယ်ဇုန်သတ်မှတ်တယ်၊ အန္တရာယ်ဇုန်နယ်မြေအတွင်းမှာတော့လေ ၁၂၀ လောက်ရတယ်၊ အန္တရာယ်ဇုန်နယ်မြေတွေကို အက်ကွဲကြောင်းရဲ့ တဖက်တချက်အတွင်းမှာရှိတဲ့ နယ်မြေတွေကို သတ်မှတ်ထားတာ၊ တစ်ခုခု ဆိုးဝါးစွာဖြစ်လာမယ်၊ ဆက်လက်ပြီးတော့ ရွေ့လျားတာတွေ ဖြစ်လာမယ်ဆိုရင် နေရာရွှေ့ တာပြုတာတို့ဘာတို့လုပ်ရမှာကိုး၊ အဲဒီအတွက်ကို ကြိုတင်ပြီးတော့ လုပ်ထားတဲ့သဘောပါ"

ပုပ္ပါးတောင် ထိန်းသိမ်းကာကွယ်ရေးကော်မတီ ဖွဲ့စည်းပြီး ပုပ္ပါးတောင်ကလပ်ရဲ့ ပြောင်းလဲမှုအခြေအနေတွေ ကို နေ့စဉ်စောင့်ကြည့်လေ့လာနေပါတယ်။ အဲဒီလိုစောင့်ကြည့်နေရာမှာ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး မြေ သားတွေရွေ့တာ၊ နိမ့်တာမျိုးတွေ မရှိတော့ဘဲ ရပ်တန့်နေတယ်လို့ သိရပါတယ်။

ပုပ္ပါးတောင်ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် တောင်ကလပ် လေးဖက်လေးတန်ကို ဧရိယာတွေသတ်မှတ်လိုက်ပြီး အဲဒီဧရိယာတွေအတွင်း နေအိမ်ဆောက်လုပ်တာ၊ မြေဖို့တာတွေ မလုပ်ကြဖို့ ပုပ္ပါးတောင် ထိန်းသိမ်း ကာကွယ်ရေး ကော်မတီက ဒေသန္တရအမိန့် ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့က စတင်ကာ အောင်သိဒ္ဓိကုန်းမှာရှိတဲ့ ဆိုင်ခန်းနဲ့ နေအိမ် ၁၀၀ လောက်မှာ အက်ကွဲကြောင်းတွေ ဖြစ်ပေါ်လာတာဖြစ်ပြီး တောင်တက်ကားလမ်းမှာလည်း မြေအက် ကွဲကြောင်းတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

အက်ကွဲသွားတဲ့လမ်းနေရာတွေကို ပြန်ပြင်ဖို့ စီစဉ်ထားပေမယ့် ဘူမိသိပ္ပံပညာရှင်တွေက အခြေအနေ စောင့်ကြည့် ခိုင်းထားတာကြောင့် မပြင်နိုင်သေးတာဖြစ်တယ်လို့ ဦးအေးခိုင် က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။