အမျိုးသားပြန်လည်သင့်မြတ်ရေး ခြေလှမ်း စသင့်ကြောင်း နိုင်ငံရေးသမားတွေ တိုက်တွန်း

သီဟထွန်း၊ သက်စုအောင်
2021.01.04

ဒီနေ့ကျရောက်တဲ့ ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ “ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီအောင် ကြိုးပမ်းမယ်” ဆိုတဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ပေးပို့တဲ့သဝဏ်လွှာကို ဒုသမ္မတ ဦးမြင့်ဆွေက ဖတ်ကြားခဲ့ပါတယ်။

"အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံ အုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် လည်းကောင်း ၊နိုင်ငံတော်၏ ပကတိ အခြေအနေများအရ လည်းကောင်း ၊ဖြစ်ပေါ်လာမည့် ဖက်ဒရယ်ပြည်ထောင်စု ပုံစံနှင့် လည်းကောင်း၊ ကိုက်ညီစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။"

သမ္မတရဲ့ သဝဏ်လွှာမှာ “ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရဖို့ တိုင်းရင်းသားတွေလိုလားတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ကြိုးပမ်းနေတယ်” လို့ လည်း ဖော်ပြထားပါတယ်။

ပြင်ဆင်ဖို့ခက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စတွေကို ဦးစားမပေးဘဲ၊ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး လက်တွေ့ ဆောင်ရွက်နိုင်တဲ့ကိစ္စတွေကို ဖြေလျော့ပေးစေချင်တယ်လို့ ရခိုင်အမျိုးသားပါတီ ANP နိုင်ငံရေး ဦးဆောင်မှု ကော်မတီဝင် ဦးဖေသန်း က ပြောပါတယ်။

"တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီးတော့ ဘာတွေဖြေလျော့ပေးနိုင်မလဲဆိုတဲ့ အပိုင်းကို ဦးစားပေးစေ ချင်တာပေါ့၊ ဒါမှသာလျှင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးထိ မရောက်ဘဲနဲ့ လောလောဆယ် လုပ်နိုင်တဲ့ ကိစ္စတွေကို လုပ်နိုင်တဲ့အခြေအနေရှိတယ်၊ ဥပမာ ၂၆၁ ကို ဖြေလျော့ပေးတဲ့ ကိစ္စမျိုး၊ တိုင်းရင်းသားဒေသတွေကို ဘတ်ဂျတ်တွေ တိုးပြီးတော့ ဒေသ ဖွံ့ဖြိုးတိုးတက်အောင် ကူညီဆောင်ရွက်တဲ့ကိစ္စမျိုး နောက်ပြီးတော့ သယံဇာတ ခွဲဝေမှုတွေကိုလည်း နိုင်ငံတော် အစိုးရက သူ့အစီအစဉ်နဲ့သူလုပ်ပေးတာမျိုး၊ အဲဒါမျိုးတွေကို လုပ်ပေးနိုင်မယ်ဆိုရင်တော့ ပိုပြီးတော့ လက်တွေ့ ကျတယ်၊ အစိုးရအနေနဲ့ လုပ်ပိုင်ခွင့်ဘောင်အတွင်းမှာ ရှိတယ်၊ ဖွဲ့စည်းပုံတို့ ပြောလိုက်ပြီ ဆိုရင်တော့ ဒါလည်နေတော့တာပဲ။ ဘယ်တုန်းကမှ အဲ့ဒါတွေက အဆုံးသတ်နိုင်မယ်ဆိုတာ မှန်းဆလို့မရဘူး။"

ရခိုင်အမျိုးသားပါတီ ANP က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ် ခန့်အပ်ပိုင်ခွင့်နဲ့ဆိုင်တဲ့ ပုဒ်မ (၂၆၁) ကို ပြင်ဆင်ပေးဖို့ တောင်းဆိုထားပေမယ့် လက်ရှိ အာဏာရပါတီ NLD က လွှတ်တော်ထဲမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိနေသေးတဲ့အတွက် မပြင်ဆင်နိုင်ဘူးလို့ ငြင်းပယ်ထားပါတယ်။

အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုက မဖြစ်မနေ တည်ဆောက်ရမှာဖြစ်လို့ တကယ်လုပ်ဖို့ ဆန္ဒရှိရင်တော့ ကြိုဆိုတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

"ဒီနိုင်ငံရဲ့ လွတ်လပ်ရေးပြဿနာကို သွားကြည့်မယ်ဆိုလို့ရှိရင် အာဏာရှင်စနစ်က အဓိက ဘုံရန်သူ ဖြစ်နေတယ်၊ ဒီအာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ဆိုရင် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုက မဖြစ်မနေ တည်ဆောက်ရမယ်၊ ဒီလုပ်ငန်းကို ဦးလည်မသုန် ကြိုးပမ်းဆောင်ရွက်ပါမယ်ဆိုရင်တော့ ကျနော့်အနေနဲ့ ကြိုဆိုရမှာပါပဲ၊ ဖက်ဒရယ် ပြည်ထောင်စုပဲ လုပ်လုပ်၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုပဲလုပ်လုပ် ဖက်ဒရယ်အရေးနဲ့ ဒီမိုကရေစီအရေးကို တစ်ချိန်တည်း တစ်ပြိုင်တည်း ခေါင်းနဲ့ပန်းလို တစ်ပြိုင်တည်း လုပ်သွားဖို့တော့ လိုအပ်တယ်၊ တစ်ခုပြီးမှ တစ်ခုလုပ်မယ်ဆိုတဲ့ အယူအဆမျိုးကိုတော့ ကျနော့်အနေနဲ့ လက်မခံဘူး၊ မဖြစ်နိုင်ဘူးလို့လည်း မြင်ပါတယ်ခင်ဗျ။"

အစိုးရ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ကတော့ “နိုင်ငံတော်က မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေ ရာနှုန်းပြည့် မဆောင်ရွက်နိုင်တဲ့အတွက် လိုအပ်ချက်တွေရှိပြီး၊ ဆက်လက် ကြိုးစား ရဦးမယ်” လို့ ဒီနေ့ စစ်တွေမြို့မှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားအပြီးမှာ ပြောပါတယ်။

"အားမရတဲ့ အပိုင်းကတော့ အခု နိုင်ငံတော်က ရည်မှန်းထားတဲ့ ရည်မှန်းချက်တွေ ရာနှုန်းပြည့် မဆောင်ရွက်နိုင်တဲ့ အပိုင်းမှာတော့ ဒါလိုအပ်ချက်တွေ ရှိနိုင်တာပေါ့နော်။ အဲပေါ်မှာလည်း ဆက်ပြီးတော့ ကြိုးစားရမှာပေါ့၊ အခုက ၅ နှစ် သက်တမ်းပဲရှိသေးတာကို ဆက်ပြီးတော့လုပ်စရာ အများကြီး ကျန်ပါသေးတယ်၊ ဒါလည်းပဲ ခင်ဗျားတို့ သိတဲ့အတိုင်း ဒီနိုင်ငံရဲ့ သမိုင်းကြောင်း ပြန်ကြည့်လိုက်ရင် လိုအပ်ချက်တွေက မြောက်များစွာရှိတာကို၊ အဲတော့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ဆိုတာကတော့ ဒီလောက်ကာလ အတိုင်းအတာလေးနဲ့ အချိန်တိုတို အတောအတွင်းမှာ ဖြစ်နိုင်ဖို့ဆိုတာတော့ မလွယ်ပါဘူး၊ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် လုပ်ကြမယ်ဆိုရင် လိုအပ်ချက်တွေ ရည်မှန်းချက်တွေ အောင်မြင်လာမှာပေါ့နော်၊ အဲလိုပဲ ယုံကြည်ပါတယ်။"

သမ္မတရဲ့ သဝဏ်လွှာမှာ “ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက် ၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထအကြိမ် အစည်းအဝေးမှာ ၂၀၂၀ အလွန် အဆင့်အလိုက် ဆောင်ရွက်ရမယ့် ကိစ္စတွေ၊ လမ်းညွှန်အခြေခံမူတွေကို သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်” လို့လည်း ဖော်ပြထားပါတယ်။

ပြည်သူတွေလိုလားတဲ့ ပြည်တွင်းငြိမ်းချမ်းရေး ခိုင်မာအောင် ပြန်လည်တည်ဆောက်လာနိုင်တာနဲ့အမျှ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မယ်လို့လည်း ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတချို့ကတော့ သမ္မတရဲ့မိန့်ခွန်းဟာ ပုံမှန် သမရိုးကျ မိန့်ခွန်းပဲဖြစ်ပြီး တိုင်းပြည်အနာဂတ်အတွက် ထူးခြားတဲ့ခြေလှမ်း ထူးခြားတဲ့ပြင်ဆင်မှုမျိုး မတွေ့ရဘူးလို့ ဝေဖန်ပါတယ်။

“ရွေးကောက်ပွဲပြီးစ အစိုးရသစ်ဖွဲ့တော့မယ့်အချိန်၊ ငြိမ်းချမ်းရေးအတွက် AA လို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆွေးနွေးနေချိန်မှာ၊ လွတ်လပ်ရေးနေ့အတွက်ပေးတဲ့ သမ္မတရဲ့ မိန့်ခွန်းမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ထူးခြားတဲ့ ခြေလှမ်းမျိုးကို လှမ်းတက်သင့်တယ် ” လို့ နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်း ကတော့ အကြံပြုတိုက်တွန်းပါတယ်။

"ဒီ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ယုံကြည်မှုတည်ဆောက်ရေး နောက် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက်ကို ထိထိရောက်ရောက် အထောက်အကူဖြစ်မယ့် ခြေလှမ်းမျိုးကို လှမ်းသင့်တယ်လို့ မြင်တယ်၊ ဥပမာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဒီဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပုဂ္ဂိုလ်တွေကို အစုလိုက်အပြုံလိုက် လွှတ်ပေးတာမျိုး၊ နောက်ပြီးတော့ လွတ်လပ်ရေးနဲ့ အခါသမယမှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်ကို ဘယ်လိုရည်မှန်းချက်တွေ ဘယ်လိုမူဝါဒတွေ ဘယ်လိုဗျူဟာတွေနဲ့ ရှေ့ကို ခရီးဆက်ဖို့ ပြင်ဆင်ထားတယ် ဘယ်လိုညှိနှိုင်းဆွေးနွေးမှုတွေနဲ့ ယုံကြည်မှုတည်ဆောက်ဖို့အတွက်ကို ပြင်ဆင်ထားတယ်ဆိုတဲ့ ဖော်ပြချက်မျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့လိုအပ်တယ်လို့ မြင်တယ်။"

၇၃ နှစ်မြောက်လွတ်လပ်ရေးနေ့အတွက် ပေးပို့တဲ့ သမ္မတရဲ့ သဝဏ်လွှာမှာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဘယ်လိုရည်မှန်းချက်တွေ၊ ဘယ်လိုမူဝါဒတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ရည်ရွယ်ထားတယ်ဆိုတဲ့ အချက်တွေကို ဖော်ပြမထားသလို၊ လွတ်လပ်ရေးနေ့ အခါသမယမှာ နိုင်ငံရေး အကျဉ်းသားတွေကို အစုအပြုံလိုက်လွှတ်ပေးတဲ့ ကိစ္စတွေကိုလည်း မတွေ့ရဘူးလို့လည်း ဒေါက်တာ ရန်မျိုသိမ်းက ထောက်ပြ ဝေဖန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။