လားရှိုးအကျဉ်းထောင်က သတင်းထောက် အပါအဝင် အကျဉ်းသား ၁၀၀ ကျော်ပြန်လွတ်
2023.01.04

ရွှေဖီမြေသတင်းဌာနက အမျိုးသမီးသတင်းထောက် လွေးအမ်ဖောင် အပါဝင် အကျဉ်းသား (၁၀၁) ဦးဟာ ရှမ်းပြည်နယ် လားရှိုးအကျဉ်းထောင်ကနေ ဇန်နဝါရီလ ၄ ရက် ဒီကနေ့ နေ့လယ်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
လားရှိုးအကျဉ်းထောင်က လွတ်မြောက်လာသူ စုစုပေါင်း ၁၀၁ ဦးရှိပြီး အမျိုးသား ၇၄ ဦးနဲ့ အမျိုးသမီး ၂၇ ဦးပါဝင်ပါတယ်။
အဲဒီထဲမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသား ၁၈ ဦးပါဝင်ပါတယ်။ ပြန်ပြီးလွတ်မြောက်လာတဲ့ ရွှေဖီမြေသတင်းထောက် လွေးအမ်ဖောင်ဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ လားရှိုးအကျဉ်းထောင်တွင်း တရားရုံးက ၂၀၂၂ ဧပြီလ ၇ ရက်မှာ ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံခဲ့ရတာပါ။
စစ်ကောင်စီက လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ နိုင်ငံရေးအကျဉ်းသား အပါဝင် အကျဉ်းသား၊ အကျဉ်းသူ ၇၀၁၂ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ဒီမတိုင်ခင် စစ်အာဏာသိမ်းကာလအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ခုနစ်ကြိမ်အထိ ပြုလုပ်ခဲ့ပြီး အကျဉ်းသား ၅၉၆၂၉ ဦး ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား အနည်းစုသာပါဝင်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃ ရက် မနေ့ကအထိ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူ ၁၆၈၆၂ ဦးရှိခဲ့ပြီး အဲဒီထဲက ၃၄၈၇ ဦးသာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။