လွတ်လပ်ရေးနေ့အဖြစ် မခံစားရတော့ကြောင်း ပြည်သူတွေပြော

2022.01.04
လွတ်လပ်ရေးနေ့အဖြစ် မခံစားရတော့ကြောင်း ပြည်သူတွေပြော မုံရွာ-အမြင့်လမ်းမှာ ၂၀၂၂ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ စစ်အာဏာရှင်ကို ချီတက်ဆန္ဒပြစဥ်
Photo : Set Kaung San

ဇန်နဝါရီလ ၄ ရက်မှာကျရောက်တဲ့ လွတ်လပ်ရေးနေ့တိုင်း မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ် ရပ်ကွက် အတော် များများမှာ ပျော်ပွဲရွှင်ပွဲတွေ၊ ကစားပွဲတွေ၊ စည်စည်ကားကားကျင်းပလေ့ရှိခဲ့ပါတယ်။

ဒါပေမဲ့ ဒီနေ့ကျရောက်တဲ့ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ကတော့ ဘယ်နေရာမှာမှ ပျော်ပွဲရွှင်ပွဲတွေ မလုပ်ကြတာဖြစ်ပါတယ်။

လွတ်လပ်ရေးနေ့ဆိုတာတောင် မေ့နေပြီး သတိရချိန် လိုက်ကြည့်တဲ့အခါ တစ်ယောက်မှလုပ်ကြတာ မတွေ့ရဘူးလို့ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ ပြည်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီဘက်မှာ ရွှေပြည်သာ အင်းစိန် အဲဒီတလျှောက်တော့ မတွေ့ဘူး ဘာမှတော့၊ ရပ်ကွက်ထဲမှာ ကလေး တွေ ဆော့တာတို့ ဘာတို့လည်း မရှိတော့ဘူး၊ လွတ်လပ်ရေးနေ့ အခမ်းအနား ရပ်ကွက်ထဲမှာ လုံးဝမရှိ တော့ဘူး၊ လွတ်လပ်ရေးနေ့မှန်းတောင် မသိဘူး၊ ကိုယ်တိုင်လည်းမလွတ်လပ်ဘူး။ ဒီနေ့လွတ်လပ်ရေးနေ့ ဆိုတာ သိတောင်သိကြရဲ့လားမသိဘူး”

စစ်တပ်က အာဏာမသိမ်းခင် ကိုဗစ်ကပ်ဘေးကာလဖြစ်တဲ့ ပြီးခဲ့တဲ့နှစ်က လွတ်လပ်ရေးနေ့မှာတောင် မိုးလင်းကမိုးချုပ် ပျော်ပွဲရွှင်ပွဲတွေ လုပ်ခဲ့ကြပေမယ့် ဒီနှစ်ဘာမှမလုပ်ကြဘူးလို့ ရန်ကုန်တိုင်း တာမွေမြို့နယ် မှာ နေထိုင်တဲ့ ဒေါ်ရွှေမိုးက RFA ကို ပြောပါတယ်။

“မနှစ်ကနဲ့ ဒီနှစ်တော့ အများကြီးကွာတာပေါ့၊ တိုင်းရေးပြည်ရေးက မကောင်းတော့ လူတွေက ကြောက်လန့်ပြီးတော့ ဘယ်အရာကိုမှ မလုပ်ရဲကြဘူးဖြစ်နေတယ်”

အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ နေပြည်တော်မှာတော့ အရင်နှစ်တွေက မြို့တော်ခန်းမမှာ အလံတင်အခမ်း အနားကျင်းပတာ၊ ဒုသမ္မတ ဦးမြင့်ဆွေက နိုင်ငံတော်သမ္မတဦးဝင်းမြင့် ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားတာ စတဲ့အစီအစဉ်တွေပြုလုပ်ခဲ့ပါတယ်။

ဒီနှစ်မှာတော့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ပေးပို့တဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တက်ရောက် ဖတ်ကြားခဲ့တာဖြစ်ပါတယ်။

"လွတ်လပ်ရေးနေ့မှန်းတောင် မသိဘူး၊ ကိုယ်တိုင်လည်းမလွတ်လပ်ဘူး"

မန္တလေးမြို့မှာလည်း အရင်နှစ်တွေကလို မဟုတ်ဘဲ ခြောက်ကပ်တိတ်ဆိတ်နေတယ်လို့ မြို့ခံတစ်ယောက်က ပြောပါတယ်။

“စည်ကားမှု မရှိတော့ဘူးပေါ့လေ လွတ်လပ်ရေးနေ့ဆိုတာ။ လွတ်လပ်ရေးနေ့ရောက်တယ်ဆိုပေမယ့် လုံးဝလွတ်လပ်တဲ့ လွတ်လပ်ရေးနေ့ကို ရခဲ့တာမဟုတ်ဘူး။ စစ်အာဏာရှင်လက်အောက်မှာပဲ အရင်တုန်းက လွတ်လပ်ရေးနေ့တွေလည်း ဖြတ်ကျော်ခဲ့ရတယ်။ ဒီနှစ်လွတ်လပ်ရေးက ပိုပြီးတော့ ဆိုးတယ်ပေါ့နော်”

အမည်မဖော်လိုတဲ့ CDM တက္ကသိုလ်ဆရာတစ်ယောက်လည်း ဒီနှစ်လွတ်လပ်ရေးနေ့ရဲ့ ထူးခြားချက်ကို အခုလိုပြောပြပါတယ်။

“ဘာမှမရှိတော့တာကိုက ဒါထူးခြားချက်ပဲ။ ကျွန်တော်တို့ကလေးဘဝ မဆလ လက်ထက်ကတည်းက တကယ်လွတ်လပ်တာမဟုတ်ရင်တောင်မှ လွတ်လပ်နေသယောင်ထင်အောင်၊ ကျွန်တော်တို့လူထုက ပျော်ရွှင်နေတယ်ထင်အောင်၊ အေးချမ်းနေတယ်ထင်အောင်၊ ကလေးတွေ မုန့်စားပြိုင်တာတွေ၊ ထုပ်စီးတိုး ပြိုင်တာတွေ ဒါမျိုးပွဲလေးတွေကို ရပ်ကွက်ထဲမှာ ဟန်ပြပေါ့နော် ကလေးတွေကို ယာယီအားဖြင့် ပျော် အောင်လို့ လုပ်ပေးထားတယ်။ အဲလိုတွေရှိနေခဲ့ရာကနေ ဒီနှစ်ကတော့ ဘာမှမရှိဘူး။ မရှိရတဲ့အကြောင်း ကတော့ ကျွန်တော်မြင်တာ နှစ်ချက်မြင်တယ်ဗျ။ တစ်အချက်ကတော့ ပြည်သူလူထုကလည်း လွတ်လပ် ရေးပြန်ဆုံးရှုံးတဲ့ အနေအထားရောက်သွားတယ်။ အဲဒီတော့ လူထုအနေနဲ့ကလည်း လုံးဝ မပျော်ပိုက်တော့ ဘူး။ အဲဒီအတွက်လည်း လွတ်လပ်ရေးအောင်ပွဲ အထိမ်းအမှတ် လူထုအနေနဲ့ ဘာမှမလုပ်သလို စကစ ဘက်ကလည်း ယူနီဖောင်းဝတ်ပြီးတော့ အပြင်မထွက်ရဲတော့တဲ့အနေအထား။ ဒီလိုပဲ ကျနော် အကြမ်း ဖျင်းမြင်ပါတယ်”

(လွတ်လပ်ရေးနေ့မှာ စစ်အာဏာရှင်ကို ကလေးမြို့မှာ ဆန္ဒပြစဥ်) Photo: CJ
(လွတ်လပ်ရေးနေ့မှာ စစ်အာဏာရှင်ကို ကလေးမြို့မှာ ဆန္ဒပြစဥ်) Photo: CJ

စစ်အာဏာရှင်လက်အောက်မှာ ပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံနေရချိန်ဖြစ်လို့ လွတ်လပ်ရေးနေ့မှာတောင် ပျော်ရွှင်စရာမရှိတာကြောင့် ဘာလှုပ်ရှားမှုမှမလုပ်ကြတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ပြောပါတယ်။

“ပြည်သူလူထုအားလုံးက ၂၀၂၁ တလျှာက်လုံးမှာ ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခသုက္ခတွေ၊ ကိုယ့်ရဲ့ ညီအကို မောင် နှမတွေ သားချင်းတွေ ရပ်ကွက်သူရပ်ကွက်သားတွေ အသတ်ဖြတ်ခံရ ဖမ်းဆီးနှိပ်စက်ခံရ အခြေအနေတွေ မျိုးစုံ ကြုံနေတဲ့အောက်မှာ ပျော်စရာလုံးဝရှာမတွေ့ပါဘူး၊ လူထုကတော့ ဒီနေ့ကာလမှာ ငြိမ်သက်စွာ အပျော်အရွှင်မဲ့တဲ့ အခြေအနေနဲ့ ပျော်ရွှင်စရာမရှိတဲ့ တိုင်းပြည်မှာ ဝမ်းနည်းကြောင်းပြတဲ့အနေနဲ့ ဘာလှုပ်ရှားမှလုပ်တာ မတွေ့ပါဘူး”

စစ်ကောင်စီရဲ့ ကြောက်မက်တုန်လှုပ်ဖွယ်ရာဖိနှိပ်မှုရဲ့ ဒုက္ခတွေခံစားနေရပေမယ့် ပိုပြီးကောင်းမွန်တဲ့ အနာဂတ်မျှော်လင့်ချက်တွေအတွက် အရှုံးမပေးတဲ့ မြန်မာပြည်သူတွေဘက်ကနေ ဆက်ပြီး ရပ်တည် နေပါတယ်လို့ အမေရိကန် ပြည်ထောင်စုကပေးပို့တဲ့ လွတ်လပ်ရေးနေ့သဝဏ်လွှာမှာ ရေးသားဖော်ပြ ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။