စစ်ရေးနည်းနဲ့ သြဇာသက်ရောက်ဖို့ ကြိုးစားနေတာကို နိဂုံးချုပ်ဖို့ NLD ပြော
2019.01.04

စစ်ရေးနည်းနဲ့ သြဇာသက်ရောက်ဖို့ ကြိုးစားနေတာတွေကို နိဂုံးချုပ်ဖို့လိုအပ်နေကြောင်း NLD ပါတီခေါင်းဆောင်တွေ က ပြောလိုက်ပါတယ်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ဒီနေ့ ကျင်းပတဲ့ ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ အခမ်းအနား သဘာပတိ ဦးဟံသာမြင့်က ထည့်သွင်းပြောကြားလိုက် တာဖြစ်ပါတယ်။
NLD ပါတီ ရုံးချုပ်မှာကျင်းပခဲ့ပြီး လွတ်လပ်ရေးနေ့ အခမ်းအနားကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပထမဆုံးအကြိမ်အဖြစ် သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ပေးပို့တဲ့ လွတ်လပ်ရေးနေ့သဝဏ်လွှာထဲမှာ မြန်မာဘာသာနဲ့ လွတ်လပ်ရေးနေ့ နှုတ်ခွန်း ဆက်သလွှာဆိုပြီး ရေးသားထားပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ပေးပို့တာဖြစ်ပါတယ်။
ဒါ့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနဲ့ လူ့ဘောင်သစ်ပါတီတို့ကလည်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။
အခမ်းအနားကို NLD နာယက ဦးတင်ဦး အပါအဝင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီအချို့နဲ့ သံတမန်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာဖြစ်ပါတယ်။