နိုင်ငံရေးအကျဉ်းသားကိုးဦး အင်းစိန်အကျဉ်းထောင်အတွင်း ရိုက်နှက်တိုက်ပိတ်ခံရ

RFA Burmese
2023.07.18
နိုင်ငံရေးအကျဉ်းသားကိုးဦး အင်းစိန်အကျဉ်းထောင်အတွင်း ရိုက်နှက်တိုက်ပိတ်ခံရ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့အား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။
RFA

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုတင်ထွဋ်ပိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသားကိုးဦး ရိုက်နှက်တိုက်ပိတ်ခံထားရတယ်လို့ အင်းစိန်အကျဉ်းထောင်နဲ့ နီးစပ်သူ တစ်ဦးက RFA ကိုပြောပါတယ်။

ဇူလိုင်လ ၇ ရက်နေ့က ရန်ကုန် အင်းစိန်အကျဉ်းထောင်ထဲမှာ ကျောင်းသားအရေးတော်ပုံ (ဆဲဗင်းဇူလိုင်) ၆၁ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ထောင်အတွင်း နိုင်ငံရေးဟောပြောမှု ပြုလုပ်တာကြောင့် ကိုတင်ထွဋ်ပိုင် အပါအဝင် အဲဒီကိုးဦးကို ရိုက်နှက်ပြီး တိုက်ပိတ်ထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

ကိုတင်ထွဋ်ပိုင်ကတော့ ရိုက်နှက်ခံရတဲ့ ဒဏ်ရာပြင်းထန်တာကြောင့် ထောင်ဆေးရုံ တင်ထားရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ သူတို့ ကိုးဦးကို ဇူလိုင် ၁၅ ရက်နေ့လောက်တည်းက အဆောင် ၂ ကနေ ရိုက်နှက်ခေါ်ထုတ်သွားပြီး အင်းစိန်အကျဉ်းထောင် ၆ တိုက် ပြစ်ဒဏ်တိုက်မှာ ထားထားတာဖြစ်တယ်လို့ ထောင်ဝင်စာပို့ကြမယ် အဖွဲ့ကလည်း RFA ကို အတည်ပြုပြောပါတယ်။

အခြေအနေ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်နိုင်ငံရေး အကျဉ်းသား ရှစ်ဦးကိုတော့ RFA အနေနဲ့ စုံစမ်းနေဆဲ ဖြစ်ပြီး မိသားစုဝင်တွေနဲ့ ဆက်သွယ်နိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး သိရှိနိုင်ဖို့ အင်းစိန်အကျဉ်းထောင်အာဏာပိုင်တွေဆီကို RFA က ဆက်သွယ်ပေမယ့် ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။

နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ် တက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ ကိုတင်ထွဋ်ပိုင်ဟာ ရန်ကုန်တိုင်း လှိုင်မြို့နယ်မှာ ၂၀၂၁ ခုနှစ် ဇူလိုင် ၁၈ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ဇူလိုင်လ ၁၇ ရက်နေ့အထိ ဖမ်းဆီးခံထားရသူ တစ်သောင်းကိုးထောင်ကျော် ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။