ကျိုက်မရောထောင်မှာ နိုင်ငံရေးအကျဥ်းသား ငါးဆယ်ခန့် အစာငတ်ခံဆန္ဒပြနေ

RFA Burmese
2024.02.09
ကျိုက်မရောထောင်မှာ နိုင်ငံရေးအကျဥ်းသား ငါးဆယ်ခန့် အစာငတ်ခံဆန္ဒပြနေ မော်လမြိုင် ကျိုက်မရောအကျဥ်းထောင်အား ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂ ရက်နေ့ကတွေ့ရစဥ်။
Photo: RFA

(Updated: 7:30 pm)

မွန်ပြည်နယ်၊ ကျိုက်မရော အကျဥ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို ထောင်အာဏာပိုင်တွေက တိုက်ပိတ်ထားတဲ့အပေါ် မကျေနပ်တာကြောင့် နိုင်ငံရေးအကျဉ်းသား ၄၇ ဦးဟာ ဖေဖော်ဝါရီလ ၆ ရက် မနက် ၁၁ နာရီလောက်ကစလို့ အစာငတ်ခံ ဆန္ဒပြနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က RFA ကို ဒီနေ့ပြောပါတယ်။

အစာငတ်ခံ ဆန္ဒပြတဲ့ရက် ကြာလာတာနဲ့အမျှ သူတို့ရဲ့ကျန်းမာရေးကိုပါ စိုးရိမ်နေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM)ရဲ့ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက RFA ကိုပြောပါတယ်။

“အစာငတ်ခံ ဆန္ဒပြနေတဲ့ ၄၇ ယောက်လုံးဟာ အခုအချိန်ထိ ဆေးရုံတင်ရတဲ့အခြေအနေ မရှိသေးပေမယ့် အင်မတန် ချိနဲ့ပြီးတော့ စိုးရိမ်နေရတယ်လို့ သိရတယ်”

အစာငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဝန်းရံထောက်ခံတဲ့အနေနဲ့ အကျဉ်းထောင်ထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ၁၆၄ ဦးဟာလည်း အကျဉ်းထောင်ကပေးတဲ့ အစားအသောက်တွေကိုမစားဘဲ တောင်းဆိုမှုမှာ ပူးပေါင်းပါဝင်နေတယ်လို့ ဆိုပါတယ်။

ကျိုက်မရော အကျဉ်းထောင်မှာ ဖေဖော်ဝါရီ ၄ ရက်‌ ည ၈ နာရီခန့်က နိုင်ငံရေး အကျဉ်းသားနှစ်ဦးကို ထောင်အာဏာပိုင်တွေက တိုက်ပိတ်ပြီး အဆက်အသွယ် ဖြတ်တောက်ခဲ့တာလို့ဆိုပါတယ်။

တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေး အကျဥ်းသားနှစ်ဦးဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - (၅၂) (က) နဲ့ ထောင်ဒဏ်ငါးနှစ် ကျခံထားရသူ၊ ပုဒ်မ (၄၉)၊ ပုဒ်မ (၅၀) (ဈ) တို့နဲ့ ထောင်ဒဏ် နှစ် နှစ်ဆယ်ကျခံနေရသူတို့ ဖြစ်တယ်လို့ဆိုပါတယ်။ သူတို့နှစ်ဦးရဲ့ ကျန်းမာရေး ကောင်းမွန်တယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ကျိုက်မရောထောင်မှာ ဇန်နဝါရီလ ၂၈ ရက်နေ့က ရဲ၊ စစ်တပ်နဲ့ အကျဉ်းထောင်ဝန်ထမ်းတွေက အင်အားသုံး ရှာဖွေရေးလုပ်ခဲ့ရာ မိုင်ဘိုင်းဖုန်း နှစ်လုံးကိုရှာတွေ့ခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသားတွေ နေ့စဉ်နီးပါး ခေါ်ယူစစ်ဆေးခံနေတယ်လို့လည်းဆိုပါတယ်။

လက်ရှိ ရာသီဥတုအရ တိုက်ထဲမှာ အအေးဒဏ် လွန်ကဲနေတာကြောင့် သူတို့နှစ်ဦးကို ကျန်းမာရေးစစ်ဆေးပြီး တိုက်မဟုတ်တဲ့နေရာကို အမြန်ဆုံးပြောင်းရွှေ့ပေးဖို့၊ စစ်ဆေးမှုပြီးတာနဲ့တစ်ပြိုင်နက် မူလနေထိုင်ရာအဆောင်ကို ပြန်လည်ပို့ဆောင်ပေးဖို့၊ အကျဉ်းသူ အကျဉ်းသားတွေကို ခေါ်ယူမေးမြန်းမယ်ဆိုရင် ထောင်ဖွင့်ချိန်မှာသာပြုလုပ်ဖို့နဲ့ စစ်ဆေးမှု ပြုလုပ်တဲ့အခါမှာလည်း တရားလက်လွတ် မဆောင်ရွက်ဖို့နဲ့ လူ့အခွင့်အရေးနဲ့အညီ ဆောင်ရွက်ပေးဖို့၊ နိုင်ငံရေးအကျဥ်းသားတွေက တောင်းဆိုထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဒီကနေ့ ဖေဖော်ဝါရီလ ၉ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီအချက်တွေကို ထောင်ပိုင်နဲ့ အာဏာပိုင်တွေက လိုက်လျောမှုမရှိမချင်း အစာငတ်ခံ ဆန္ဒပြသွားမယ်လို့ ဆိုပါတယ်။

နိုင်ငံရေး အကျဉ်းသားနှစ်ဦးကို ဘာကြောင့် တိုက်ပိတ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးသလို အကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြနေကြတဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီ အကျဉ်းစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုမယ့်သူ မရှိပါဘူး။

စစ်ကောင်စီပြန်ကြားရေးဌာနက ဒီနေ့ညနေပိုင်း သတင်းထုတ်ပြန်ရာမှာတော့ ကျိုက်မရောထောင်မှာ အစာငတ်ခံဆန္ဒပြတာ လုံးဝမရှိကြောင်း ငြင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။