လက်ကျန်နိုင်ငံရေး အကျဉ်းသားစာရင်း ပြုစုနိုင်ဖို့ ကြိုးပမ်း


2013.03.16

အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းကို မေလကုန်လောက်မှာ အားလုံးစိစစ်နိုင်တော့မှာဖြစ်တယ်လို့ လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီအဖွဲ့ဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။

ဒီကနေ့ မတ်လ ၁၆ ရက် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်က မြန်မာငြိမ်းချမ်းရေးစင်တာမှာ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီအဖွဲ့ဝင်တွေ ဆွေးနွေးခဲ့ကြပြီး လာမယ့်မေလကုန်လောက်မှာ စာရင်းထုတ်ပြန်နိုင်မယ်လို့ မျှော်လင့်ကြောင်းပြောခဲ့တာပါ။

လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီရဲ့ စိစစ်ထားချက်စာရင်းတွေအရ နိုင်ငံရေးအကျဉ်းသား ၄၀၀ လောက် အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတယ်ဆိုတာ လေ့လာတွေ့ရှိရတယ်လို့ ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။

အခုလို လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း စိစစ်ရာမှာ နိုင်ငံရေးနဲ့ ဆက်စပ်ပြီး အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျခံနေရသူဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ စာရင်းပြုစုထားတာဖြစ်တယ်လို့ ပြောပါတယ်။

ဒီကနေ့တွေ့ဆုံဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရှေ့နေချုပ်၊ နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကို သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဦးဆောင်ပြီး အဖွဲ့ဝင်တွေအဖြစ် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဉာဏ်ဝင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးခွန်ထွန်းဦး၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)၊ နိုင်ငံရေးအကျဉ်းသားများအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားများအဖွဲ့ချုပ်စတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေ၊ အကျဉ်းဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။