အင်းစိန်ထောင်က ပြောင်းရွှေ့ခံရတဲ့ နိုင်/ကျဉ်း ၇၀၀ ခန့် မိသားစုနဲ့ တွေ့ခွင့်မရ

RFA Burmese
2023.04.04
အင်းစိန်ထောင်က ပြောင်းရွှေ့ခံရတဲ့ နိုင်/ကျဉ်း ၇၀၀ ခန့် မိသားစုနဲ့ တွေ့ခွင့်မရ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်အား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ကနေ သရက်ထောင်နဲ့ သာယာဝတီထောင်တွေဆီ ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၇၀၀ ခန့်ဟာ ဒီနေ့အထိ မိသားစုနဲ့ အဆက်အသွယ်မရဘူးလို့ နိုင်/ကျဉ်း မိသားစုဝင်တွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။

မိသားစုဝင်တွေဟာ အင်းစိန်ထောင်ကို ထောင်ဝင်စာသွားပို့မှပဲ သူတို့မိသားစုဝင်တွေ အဲဒီထောင်မှာ မရှိတော့ဘူးဆိုတာကို သိရတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က RFA ကို ပြောပါတယ်။

"ထောင်ပြောင်းရင် မှတ်ချက်တွေပါတယ်။ မှတ်ချက်ပါတဲ့သူတွေဆိုရင် ပိုဆိုးတယ်။ ထောင်ပါဆယ်လည်း မရဘူး။ ဈေးစာရင်း ငွေသွင်းတာလည်း အဆင်မပြေတော့ဘူး။ ရေလည်းမချိုးရ၊ တိုက်ပိတ်ထားတယ်။ ကျန်းမာရေး စောင့်ရှောက်မှုလည်း မရဘူး။ အခုနောက်ပိုင်းမှာ မိသားစုကို လုံးဝအသိမပေးဘဲနဲ့ ထောင်တွေကို ပြောင်းချင်သလို ပြောင်းနေတာ"

လူကိုယ်တိုင် ထောင်ဝင်စာတွေ့ဆုံခွင့်ကိုလည်း ကိုဗစ်အကြောင်းပြ ပိတ်ထားတာ ဒီနေ့အထိဖြစ်ပြီး ထောင်ထဲက အခြေအနေတွေကို သတင်းအမှောင်ချထားလို့ နောက်ကျမှသိရတယ်လို့လည်း ဦးထွန်းကြည်က ဆိုပါတယ်။

ဒါ့အပြင် ထောင်တွေမှာ လက်ရှိ ထောင်ပိုင်လေး၊ ထောင်မှူးကြီးဦးဆောင်တဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေ ဖွဲ့ထားတယ်လို့ ကြားသိနေရကြောင်းလည်း ဦးထွန်းကြည်က ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့အထိ ဖမ်းဆီးခံထားရသူ စုစုပေါင်း ၁၇၃၀၃ ဦးရှိပြီး အဲဒီအထဲက ၅၄၉၃ ဦးကတော့ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။