မဏိပူရ်ထောင်က မြန်မာနိုင်ငံသား ၂၆ ဦးကို စစ်ကောင်စီထံ လွှဲပြောင်း

RFA Burmese
2025.01.06
မဏိပူရ်ထောင်က မြန်မာနိုင်ငံသား ၂၆ ဦးကို စစ်ကောင်စီထံ လွှဲပြောင်း မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်တွင် အကျဉ်းကျနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၆ ဦးအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်နေ့မှာ စစ်ကောင်စီထံ လွှဲပြောင်းပေးအပ်စဉ်။
N.Biren Singh Photo

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်မှာ လူဝင်မူကြီးကြပ်ရေးဥပဒေနဲ့ အကျဉ်းကျနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၂၆ ဦးကို ဇန်နဝါရီ ၅ ရက်နေ့မှာ မဏိပူရ်အာဏာပိုင်တွေက စစ်ကောင်စီထံ လွှဲပြောင်းပေးလိုက်တယ်လို့ မိသားစု၀င်တွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။

မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့ကတစ်ဆင့် စစ်ကိုင်းတိုင်း၊ တမူးမြို့ဘက်ကို လွှဲပြောင်းပေးခဲ့တာလို့ ဆိုပါတယ်။

ပြန်လွတ်လာသူတွေထဲမှာ ရက်ကန်းအလုပ်သမား ၁၉ ဦး၊ ဈေးသည် ငါးဦးနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ နှစ်ဦးတို့ ပါ၀င်တယ်လို့ အကူအညီပေးသူတွေက ပြောပါတယ်။

မဏိပူရ်ပြည်နယ် ၀န်ကြီးချုပ် N.Biren Singh ကလည်း နယ်စပ်ကနေ ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၆ ဦးကို နေရပ်ကို ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

သူတို့ဟာ ၂၀၂၂ ခုနှစ်မှာ လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ အဖမ်းခံထားရပြီး ထောင်ဒဏ် ၆ လ နဲ့ ငွေဒဏ် ကျခံခဲ့ရပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာတာလို့ မိသားစု၀င် တစ်ဦးက ပြောပါတယ်။

“အင်ဖာက လေးနာရီလောက် ထွက်လာတယ်၊ မိုးရေးကိုတော့ ၁၀နာရီလောက် ရောက်တယ်။ နှစ်နှစ်ခွဲလောက် အထဲမှာနေခဲ့တာပေါ့။ ကျတာက ခြောက်လတည်း။ ပြန်လွတ်ပေမဲ့ အိမ်ကို မရောက်သေးဘူး။ စစ်ကောင်စီက ခေါ်ထားသေးတယ်။ ကျန်းမာရေးလည်း ကောင်းတယ်ပြောတယ်၊ နေ့လယ်က ဖုန်းအဆက်အသွယ်ရတယ်”

မြန်မာနိုင်ငံသား စစ်မှန်ကြောင်း မိသားစု၀င်တွေက စစ်ကောင်စီတပ်ထံ မှတ်ပုံတင် နံပါတ်ပေးပို့ရသလို စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ အတည်ပြုချက်နဲ့ မြန်မာသံရုံးက ညှိနှိုင်းဆောင်ရွက်တာကြောင့် ပြန်လွတ်လာခဲ့တာလို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

၂၀၂၄ ခုနှစ် မေလနဲ့ ဇွန်လအတွင်းမှာလည်း အင်ဖာအကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ ရက်ကန်းရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၇၇ ဦးကို မဏိပူရ် အာဏာပိုင်‌တွေက စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။