တင်းကျပ်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို စစ်ကောင်စီဖြေလျှော့လာ

RFA Burmese
2024.01.31
တင်းကျပ်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို စစ်ကောင်စီဖြေလျှော့လာ နေပြည်တော်တွင် နှင်းဆီပါတီ ခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ UDP ပါတီဝင်များ ၂ဝ၂ဝ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့က မဲဆွယ်စည်းရုံးစဥ်။
Photo: RFA

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှာပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံရေးပါတီတွေအပေါ် တင်းကျပ်ထားတဲ့အချက်တချို့ကို စစ်ကောင်စီက ဖြေလျှော့လိုက်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်တဲ့ဥပဒေမှာ ဒီလိုဖြေလျှော့မှုတွေ လုပ်ခဲ့တာပါ။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅ (စ) မှာ ပါတီမှတ်ပုံတင်ခွင့်ပြုပြီး ရက်ပေါင်း ကိုးဆယ်အတွင်း နိုင်ငံတစ်ဝန်း စည်းရုံးမယ့်ပါတီတွေအနေနဲ့ ပါတီဝင်အင်အား တစ်သိန်းနဲ့ တိုင်း သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမယ့်ပါတီဟာ ပါတီဝင်အင်းအား အနည်းဆုံး တစ်ထောင်စုဆောင်းရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ပြင်ဆင်တဲ့ဥပဒေထဲမှာတော့ အဲဒီရက်ပေါင်း ကိုးဆယ်ဟာ ပါတီမှတ်ပုံတင်ကျပြီးချိန်ကမဟုတ်ဘဲ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ရက်မတိုင်ခင် ရက်ပေါင်း ကိုးဆယ်လို့ပြောင်းပြီး ပါတီဝင်ဦးရေ တစ်သိန်းအစား ငါးသောင်းအဖြစ် ပြောင်းလဲခဲ့ပါတယ်။

ပုဒ်မ ၅ (ဇ) မှာတော့ ပါတီမှတ်ပုံတင်ခွင့်ရတဲ့နေ့ကစလို့ ရက်ပေါင်း ၁၈၀ အတွင်းမှာ နိုင်ငံတစ်ဝန်း စည်းရုံးမယ့်ပါတီအနေနဲ့ မြိုနယ်အားလုံးရဲ့ထက်ဝက်ကို ရုံးခန်းဖွင့်ဖို့နဲ့ တိုင်း သို့မဟုတ် ပြည်နယ်အဆင့် စည်းရုံးမယ့်ပါတီတွေအနေနဲ့ အနည်းဆုံး ငါးမြို့နယ်မှာ ပါတီရုံးခန်းတွေ ဖွင့်ရမယ်လို့ သတ်မှတ်ထားတာပါ။

အခုပြင်ဆင်ချက်ထဲမှာတော့ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့မတိုင်ခင် ရက်ပေါင်း ကိုးဆယ်အတွင်း နိုင်ငံတစ်ဝန်းက မြို့နယ်သုံးပုံတစ်ပုံမှာ ပါတီရုံးခန်းတွေ ဖွင့်ရမယ်လို့ အစားထိုးထားပါတယ်။

ဒီလိုပြင်ဆင်ချက်တွေ ဖြစ်လာတာဟာ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေအတွက် နိုင်ငံရေးလှုပ်ရှားမှုတွေ ပိုလုပ်လာနိုင်တယ်လို့ ပြည်သူ့ပါတီတည်ထောင်သူ ဒုတိယခေါင်းဆောင် ဦးကျော်လင်းက RFA ကိုပြောပါတယ်။

“ဒါက ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေအတွက် လုပ်သာကိုင်သာ ရှိသွားတာပေါ့။ ပါတီဝင်အင်အား လျှော့ချတာ၊ ရုံးခန်း အရေအတွက်တွေ လျှော့တာဆိုတော့ အများကြီးဖြေလျော့သွားတာ ဖြစ်ပါတယ်”

ပြည်သူ့ရှေ့ဆောင်ပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမျိုးဆက်သွေးကလည်း မူလဥပဒေမှာ တင်းကျပ်မှုတွေရှိခဲ့ပြီး အခုလို ဥပဒေပြင်ဆင်လိုက်တာကြောင့် နိုင်ငံတစ်ဝန်း ယှဉ်ပြိုင်မယ့်ပါတီတွေ များလာမယ်လို့ ပြောပါတယ်။

အခု ဥပဒေပြင်ဆင်ချက်မှာ ပါတီဝင်အင်အားနဲ့ ရုံးခန်းအရေအတွက် လျှော့ချတဲ့အထဲ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုတည်းမှာပဲ ဝင်ပြိုင်မယ့်ပါတီတွေအတွက် မပါဝင်တာကြောင့် အဲဒီပါတီတွေအနေနဲ့ ပါတီဝင် အင်အားတစ်ထောင်နဲ့ ရုံးခန်းငါးခုကိုဖွင့်ရမှာပါ။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၇ ကိုလည်း ပုဒ်မခွဲ (ခ) ထပ်အစားထိုးပြီး ငွေစာရင်းဖွင့်ထားတဲ့ ပါတီရန်ပုံငွေတွေကို ကော်မရှင်ရဲ့ အမိန့်ညွှန်ကြားချက်နဲ့အညီ သုံးစွဲဖို့သတ်မှတ်ထားပါတယ်။

ဒါ့အပြင် ပုဒ်မ ၁၉ မှာ မှတ်ပုံတင်ထားတဲ့ပါတီ ပယ်ဖျက်ခံရရင် ပါတီပိုင်ပစ္စည်းတွေကို နိုင်ငံတော်ကိုပြန်အပ်ဖို့နဲ့ ပါတီမှတ်ပုံတင်ခွင့် ပြန်လျှောက်ထားခြင်းမရှိတဲ့ ပယ်ဖျက်ထားတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံရတာ၊ လက်နက်ကိုင်ဆန့်ကျင်တာ၊ နိုင်ငံပိုင်ပစ္စည်းတွေကို ရယူသုံးစွဲတာတွေ စစ်ဆေးတွေ့ရှိရင် ပါတီပိုင်ပစ္စည်းတွေကို နိုင်ငံတော်အစိုးရကို ပြန်အပ်ရမယ်လို့ ထပ်တိုးပြဋ္ဌာန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။