ထိန်းသိမ်းခံ ဗိုလ်ကြီးဟောင်း၏ အိမ် ရှာဖွေခံရ

ပြီးခဲ့တဲ့ စနေနေ့က ထိန်းသိမ်းခံခဲ့ရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ နေအိမ်ကို ဒီနေ့ ဧပြီ ၄ ရက် မနက်မှာ ထောက်လှမ်းရေး၊ ရဲနဲ့ ဒေသခံ အုပ်ချုပ်ရေးအဖွဲ့တွေ ဝင်ရောက် ရှာဖွေခဲ့ပြီး ကိုယ်ပိုင်သုံး ကွန်ပျူတာ Laptop တလုံး သိမ်းဆည်းသွားတယ်လို့ သတင်းရရှိပါတယ်။

2011.04.04

ကိုနေမျိုးဇင်ဟာ NLD လူငယ် သွေးကူညီရေးအဖွဲ့ကို ပံ့ပိုးနေသူတယောက် ဖြစ်ပါတယ်။ သူ့ကို ပြီးခဲ့တဲ့ စနေနေ့၊ ဧပြီလ ၂ ရက်နေ့ ညနေ ၄ နာရီလောက်မှာ နယ်မြေခံ SB သတင်းတပ်ဖွဲ့ဝင် တပ်ကြပ်တဦးက တယ်လီဖုန်းဆက်ပြီး ဆင့်ခေါ်လို့ သွားရောက်ခဲ့ရာမှာ ထိန်းသိမ်းထားလိုက်တာပါ။

ဒီနေမှာတော့ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ၁၉ ရပ်ကွက်က သူရဲ့ နေအိမ်ကို ဝင်ပြီး ရှာဖွေကြတာပါ။

ဒီကိစ္စနဲ့ ပတ်သက်လို့ NLD သွေးကူညီရေးအဖွဲ့ တာဝန်ခံတဦးဖြစ်တဲ့ ကိုညီညီက RFA ကို အခုလို ပြောပါတယ်။

“ဒီနေ့ ၁၁ နာရီခွဲလောက်မှာ ရဲမှူးကြီး ဦးထိန်လင်း ဦးစီးတဲ့ မယကတွေ ပါမယ်၊ မယက ဥက္ကဋ္ဌပါမယ်၊ SB တပွင့်က နှစ်ယောက်လောက် ပါမယ်၊ အားလုံးပေါင်း ၈ ယောက်ပေါ့နော်၊ ဓာတ်ပုံဆရာတွေ၊ ကွန်ပျူတာ ဆရာတွေပေါ့ ဝင်စစ်ဆေးသွားပြီးတော့ သူ့ရဲ့ laptop ယူသွားတယ်ခင်ဗျ။ သူက ကွန်ပျူတာ အင်တာနက် ဆိုင်လေး ဖွင့်ထားတော့ အဲဒီမှာ သူအဓိက သုံးတဲ့ဟာလေးပေါ့နော်၊ အဲဒီ laptop လေးတော့ ယူသွားတယ်။ သူ့ကို ဝင်ရှာတဲ့အချိန်မှာ ကျွန်တော်တို့က သူ့အိမ်ကို သွားတယ်လေ။ သွားတော့ ကျွန်တော်တို့ကို သူတို့က အဝင်မခံဘူးဗျ။”

အခုချိန်ထိ ကိုနေမျိုးဇင်ကို ဘာကြောင့် ထိန်းသိမ်း စစ်ဆေးနေတယ်၊ ဘယ်နေရာမှာ ထိန်းသိမ်း ထားတယ် ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။ သူဟာ အင်တာနက်ကဖေးဆိုင် ဖွင့်ထားပြီး၊ တဖက်မှာလည်း NLD သွေးကူညီရေးအဖွဲ့တွေ သွားလာ ဆောင်ရွက်မှုတွေအတွက် ကိုယ်ပိုင်ကားနဲ့ တောက်လျှောက် လိုက်ပါ ကူညီနေသူ ဖြစ်တယ်လို့ NLD အဖွဲ့ဝင်တွေက ပြောပါတယ်။

သူ့ကို ထိန်းသိမ်းလိုက်တဲ့ စနေနေ့ ညဦးပိုင်း တယ်လီဖုန်း အဆက်အသွယ်ရတဲ့အချိန်မှာ ကိုနေမျိုးဇင်က ဆင်းရဲချို့တဲ့တဲ့ နာမကျန်းသူတွေအတွက် အမြဲ လိုအပ်နေတဲ့ သွေးကူညီရေးကို အဆက်မပြတ်အောင် ဆက်လုပ်ကြဖို့ နောက်ဆုံး တိုက်တွန်း ပြောဆိုခဲ့တယ်လို့ ကိုညီညီက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။