မြန်မာအမျိုးသမီးများကို ရဲအယောင်ဆောင် အဓမ္မကျင့်သူ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှာ မြန်မာအမျိုးသမီး အလုပ်သမားတွေကို ရဲအယောင်ဆောင်ပြီး ငွေကြေးယူ အဓမ္မကျင့် စော်ကားသူ ထိုင်းနိုင်ငံသားတဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူလိုက်ကြောင်း သတင်းရရှိပါတယ်။

2011.04.04
migrant_women_thai_fish_305_z.png ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက်မြို့ရှိ ငါးဒိုင်တစ်ခုတွင် မြန်မာနိုင်ငံ မှ ရွှေ့ပြောင်းလုပ်သားတချို့ ငါးရွေးအလုပ်လုပ်နေစဉ်
Photo: AFP

အသက် ၂၉ နှစ်အရွယ် ထိုင်းနိုင်ငံသား ပတ်ဖုန်း မနီရတ် ဆိုသူဟာ ရဲ အရာရှိ အယောင်ဆောင်ပြီး အလုပ်သွားနေတဲ့ မြန်မာအမျိုးသမီး ရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းဆီး ခေါ်ဆောင် အဓမ္မပြုကျင့်ခဲ့တာ ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ၂၈ ရက်နေ့က မြန်မာအမျိုးသမီးတဦးကို ၅ ရက်ကြာ ချုပ်နှောင်ထားပြီး အဓမ္မ ပြုကျင့်ခဲ့ပါတယ်။ အဲဒီနောက် သူ့ကို ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စ နဲ့ပတ်သက်ပြီး မြန်မာအမျိုးသမီးတွေဖက်က လိုက်လံ ကူညီ ဆောင်ရွက်ပေးနေတဲ့ ထိုင်းနိုင်ငံရောက် နီပါလီ အဖွဲ့အစည်းက ကိုအုံး က အခုလို ပြောပြပါတယ်။

“အဲဒီ ဖြားယောင်းတဲ့ တရားခံကိုလည်း ရဲကနေပြီး ဖမ်းဆီးပြီးပြီပေါ့။ ထွက်ဆိုချက်အရ ဆိုရင် သူလုပ်နေတာ ၃ နှစ်လောက် ရှိပြီပေါ့။ သူကနေပြီးတော့ ဒီ လမ်းလျှောက်ပြီးတော့ အလုပ်သွားနေတဲ့ အမျိုးသမီးတွေကို အထူးသဖြင့် မြန်မာအမျိုးသမီးတွေကို သူကနေပြီးတော့ ဘတ်ရှိမရှိပေါ့နော်၊ သူက တောင်းကြည့်တဲ့ သဘောမျိုးပေါ့၊ လဝက ဖြစ်ပါတယ် ဆိုတဲ့အကြောင်းပေါ့နော်၊ ပြောပြီးတော့ သူက စစ်ဆေးဖို့ တောင်းခံတယ်။ အဲဒီအခါကျတော့ မိန်းကလေးတွေက ကြောက်ပြီးတော့ အဲဒီမှာ ရဲစခန်း လိုက်ခဲ့ဆိုပြီးတော့ သူ ကားပေါ်တင်သွားတယ်ပေါ့။ တစုံတယောက်ပေါ့နော်။ သူ့ထက်ပိုပြီးတော့ အင်အားကြီးတဲ့ တယောက်ယောက် ရှိနိုင်တယ်လို့ ယုံကြည်ထားတဲ့အတွက် အဲဒီ အမှုစစ်ပြီးတော့ လိုက်ဖို့အတွက်ပေါ့နော်၊ ကျွန်တော်တို့ အဖွဲ့အစည်းကနေ ဆောင်ရွက်နေပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က အသက် ၂၅ နှစ်အရွယ် မြန်မာအမျိုးသမီးတဦး အလုပ်သွားနေတုန်း လမ်းမှာ အဲဒီ ရဲအယောင်ဆောင်သူက ရပ်တန့်ပြီး အလုပ်သမား လက်မှတ်ပြဖို့ တောင်းခံပါတယ်။ လက်မှတ်ပါမလာတဲ့ အကြောင်း ရှင်းပြတဲ့အခါ ရဲစခန်းကို လိုက်ခဲ့ဖို့ ကားနဲ့ခေါ် ဆောင်သွားခဲ့ပါတယ်။ အဲဒီနောက် ကားကို ရဲစခန်းရှေ့အထိ မောင်းသွားခဲ့ပြီး အမျိုးသမီးကို ကားအတွင်းထားခဲ့ပါတယ်။ မကြာခင် ရဲစခန်းအတွင်းက ပြန်ထွက်လာပြီး လူဝင်မှုကြီးကြပ်ရေးဌာနကို ခေါ်သွားမယ်ဆိုကာ ခဘီ အရပ်မှာရှိတဲ့ တည်းခိုခန်းတခုကို ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ခဲ့ပါတယ်၊

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ကမှ အဲဒီ မြန်မာအမျိုးသမီးကို ပြန်လွှတ်ပေးပြီးတဲ့နောက် ဒီ ရဲ အယောင်ဆောင်သူကို ဖမ်းဆီးမိခဲ့ပါတယ်၊ သူ့ကို ဖမ်းဆီးမိပြီးတဲ့ နောက် မြန်မာအမျိုးသမီး ၆ ဦးကလည်း သူတို့ကို အဲဒီ လူက အလားတူ ပြုကျင့်ခဲ့ကြောင်း ရဲစခန်းမှာ ထွက်ဆို တိုင်ကြားခဲ့တယ်လို့ ဖူးခက်ဒေသ ရဲ အရာရှိချုပ်က ပြောဆိုခဲ့ပါတယ်.

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၂ သန်းခွဲ သွားရောက် အလုပ်လုပ်ကိုင်နေပြီး ၆ သိန်းပဲ တရားဝင် အလုပ်သမား မှတ်ပုံတင် ရှိကြတယ်လို့ သိရပါတယ်။

ဒီအကြောင်း အသေးစိတ်ကို RFA မှ ဦးဇော်မိုးကျော်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။