အစိုးရ ခွင့်ပြုချက်နဲ့ Hemp ဆေးပင် စိုက်ပျိုးသူ ကန် နိုင်ငံသား ဖမ်းဆီးခံနေရ
2019.04.25

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်က ဧက ၂ဝ ခန့်ရှိတဲ့မြေကွက်တစ်ခုမှာ Marijuana ခေါ် ဆေးခြောက်ပင်တွေ စိုက်ပျိုးထားတယ်ဆိုကာ အမေရိကန်နိုင်ငံသား တဦးနဲ့ မြန်မာနိုင်ငံသား ၂ ဦးကို မန္တလေးတိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးအရေးယူထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အဲဒီ စိုက်ခင်းဟာ ဆေးခြောက်ပင်တွေ စိုက်ပျိုးထားတာမဟုတ်ဘဲ မန္တလေးတိုင်းအစိုးရအဖွဲ့ရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ စမ်းသပ်စိုက်ပျိုးနေတဲ့ Hemp ဟမ့်ခေါ် သဘာဝဆေးဘက်ဝင် သစ်ပင်စိုက်ခင်းဖြစ်တယ်လို့ ဖမ်းဆီးခံနေရတဲ့ အမေရိကန်နိုင်ငံသား ဂျပန်လူမျိုး Mr. John Todoroki မစ္စတာ ဂျွန် တိုဒိုရိုကီရဲ့ ရှေ့နေ ဦးသိန်းသန်းဦးက ရိုက်တာသတင်းဌာနကို သောကြာနေ့ မနေ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အဲဒီစိုက်ခင်းမှာ Hemp သစ်ပင်တွေကို စမ်းသပ်စိုက်ပျိုးဖို့အတွက် 111M သရီးအမ် အဟာရဆေးဝါးကုမ္ပဏီကို ဇီဝလောင်စာနဲ့ သဘာဝ ဆေးဘက်ဝင် လျှော်ပင်စိုက်ပျိုးခြင်း၊ အခြောက်ခံခြင်း၊ အဆီထုတ်ခြင်း၊ ထုပ်ပိုးခြင်းနဲ့ ပြည်ပသို့ တရားဝင်ပြန်လည်တင်ပို့ရန် ခွင့်ပြုတဲ့ စာကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးက ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ရှေ့နေ ဦးသိန်းသန်းဦးက သူ့အမှုသည်ဟာ နားလည်မှုမှားယွင်းပြီး ဖမ်းဆီးခံနေရတာဖြစ်ပါတယ်၊ အဲဒီ စိုက်ခင်းဟာ လူမြင်ကွင်းလေဟာပြင်မှာ တရားဝင်စိုက်ထားတာဖြစ်တယ်၊ လျှို့ဝှက်ချက်လည်း ဘာမှမရှိပါဘူးလို့ ပြောပါတယ်။
ဧပြီလ ၂၂ ရက်နေ့ညက ဖမ်းဆီးခံရတဲ့ John Todoroki ဂျွန် တိုဒိုရိုကီဟာ နှလုံးရောဂါခံစားရလို့ မန္တလေးဆေးရုံမှာ ကုသနေရပြီး ဖမ်းဆီးခံနေရတဲ့ စိုက်ခင်းတာဝန်ခံတွေက ကိုရှိန်းလတ်နဲ့ မရွှွန်းလဲ့မြတ်နိုးတို့ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးရေးအဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာတော့ အဲဒီ စိုက်ခင်းကို သတင်းအရ သွားရောက်စစ်ဆေးရာမှာ ဆေးခြောက်ပင် ၃ သိန်းခွဲနီးပါးနဲ့ ဆေးခြောက်ဆီတွေ၊ ဆေးခြောက်စေ့တွေ တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီ Hemp ခေါ် ဆေးဘက်ဝင် သစ်ပင်တွေဟာ ဆေးခြောက်ပင်နဲ့ အလားသဏ္ဍန်တူပေမယ့် ဆေးခြောက်လို မူးယစ်စေတဲ့ အာနိသင်မရှိပါဘူး။ ဆေးခြောက်မှာ ပါဝင်တဲ့ Tetrahydrocannabinol တက်ထရို ဟိုင်ဒရို ကနားဘီနို ဆိုတဲ့ဓာတ်တမျိုးရဲ့ ပမာဏ အနည်းငယ်ခန့် ပါရှိတယ်လို့တော့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ ဥပဒေမှာ Hemp ဟမ့်ဆေးပင်နဲ့ marijuana ဆေးခြောက်ပင်ကို ဘယ်လိုခွဲခြားသလဲဆိုတာကို တိတိကျကျ မသိရသေးကြောင်းနဲ့ ဒီအမှုနဲ့ ပတ်သက်ပြီး မန္တလေးတိုင်း အစိုးရအဖွဲ့ကို ဆက်သွယ်လို့ မရသေးကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
Hemp အပင်က ထွက်ရှိတဲ့ အဆီကို အစာအိမ်ကင်ဆာအပါအဝင် ကင်ဆာပျောက်ဆေး၊ အကိုက်အခဲ ပျောက်ဆေး၊ အိပ်ဆေး စသဖြင့် အင်မတန်ဈေးကြီးတဲ့ ဆေးဝါးတွေမှာ အသုံးပြုနေပြီး ကမ္ဘာတဝန်း တနေ့တခြား တွင်ကျယ်လာနေတဲ့ နာမည်ကျော်ဆေးသစ်ပင်ဖြစ်ပါတယ်။
ဒါ့အပြင် ဆေးဘက်ဝင်အစားအစာ၊ သဘာဝ ခေါင်းလျှော်ရည်၊ လျှော်ပင်နဲ့ အထည်အလိပ်၊ ဇီဝလောင်စာ စသဖြင့် အကျယ်အပြန့် သုံးစွဲနေကြပါတယ်။
အဲဒီ မြို့သာစက်မှုဇုံမှာ ဧရာမဆေးခြောက်စိုက်ခင်း ရှိနေတယ်ဆိုပြီး ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုမှာ ဖော်ပြခဲ့တဲ့အတွက် Todoroki တိုဒိုရိုကီက စိုးရိမ်ပြီး သူ့ကိုဆက်သွယ်ခဲ့ကြောင်း၊ မန္တလေးတိုင်း ဝန်ကြီးချုပ်ကို မစ္စတာ တိုဒိုရိုကီ သွားရောက်တွေ့ဆုံပြီး ရှင်းလင်းတင်ပြဖို့ စီစဉ်ခဲ့ကြောင်းနဲ့ အဲဒီလို တွေ့ဆုံမယ့်နေ့ မတိုင်မီ ညပိုင်းမှာ မူးယစ်တိုက်ဖျက်ရေးရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ကြောင်း စသဖြင့် ဦးသိန်းသန်းဦးက ပြောဆိုပါတယ်။