မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းခံရတဲ့ အမေရိကန်နိုင်ငံသားကို အာမခံပေး


2019.07.24
nganzon-cannabis-622.jpg ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဇုန်မှာ ဆေးခြောက်အနွယ်ဝင် လျှော်ပင်စိုက်ပျိုးမှုနဲ့ အဖမ်းခံရတဲ့ အမေရိကန်နိုင်ငံသားကို ၂၀၁၉ မေ ၂၁ ရက်နေ့က မြင်းခြံခရိုင်တရားရုံးမှာ ရုံးထုတ်စဉ်
Photo: Khaymani Win/RFA

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မြို့သာစက်မှု ဥယျာဉ်မြို့တော်မှာ Cannabis အနွယ်ဝင် လျှော်ပင်တွေ စိုက်ပျိုးခဲ့တယ်ဆိုပြီး မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသား John Todoroki ဂျွန်တိုဒိုရိုကီကို ကျန်းမာရေး အာမခံပေးဖို့ မြင်းခြံခရိုင်တရားရုံးက ဒီနေ့ဆုံးဖြတ်လိုက်ပါတယ်။

အမေရိကန်နိုင်ငံသားကို ကျပ်သိန်းသုံးထောင်နဲ့ အာမခံပေးဖို့ တရားရုံးက ဆုံးဖြတ်လိုက်ပေမယ့် အာမခံပေးမယ့်သူ အဆင်သင့်မရှိသေးတာကြောင့် မနက်ဖြန်မှာ ရုံးချိန်းထပ်မံချိန်းဆိုလိုက်တယ်လို့ တရားစွဲဆိုခံရသူ ဘက်ကနေ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက RFA ကို ပြောပါတယ်။

ဂျွန်တိုဒိုရိုကီဟာ အမေရိကန်နိုင်ငံမှာရှိစဉ်အချိန်ထဲက အဆုတ်နဲ့ ပတ်သက်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါပြင်းပြင်းထန်ထန်ဖြစ်နေတာနဲ့ ပခုံးရိုးကျိုးထားတဲ့ဒဏ်တွေကို ဆေးကုသဖို့လိုအပ်ကြောင်း အထောက် အထားတွေ တင်ပြပြီး ကျန်းမာရေးအာမခံ လျှောက်ထားခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း အမေရိကန်နိုင်ငံသားဟာ ကျန်းမာရေးဆိုးရွားနေတာကြောင့် ဇွန်လ ၂၈ ရက်နေ့ကစပြီး မြင်းခြံထောင်ကနေ မြင်းခြံခရိုင်ဆေးရုံကြီးကို တင်ပို့ကုသထားရပြီး ဆေးစစ်ရာမှာ MRSA ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ခရိုင်ဆေးရုံရဲ့ ဆေးမှတ်တမ်းမှာ တွေ့ရတယ်လို့လည်း သိရပါတယ်။

John Todoroki ဂျွန်တိုဒိုရိုကီ၊ ကိုရှိန်းလတ်နဲ့ မရွှန်းလဲ့မြတ်နိုးတို့ကို ဧပြီ ၂၃ ရက်နေ့က ဖမ်းဆီးပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မနဲ့ တရားစွဲဆိုကာ မြင်းခြံထောင်မှာ အခုချုပ်နှောင် ထားတာ ဖြစ်ပါတယ်။

Marijuana ဆေးခြောက်ပင်တွေ စိုက်ပျိုးခဲ့တယ်ဆိုပြီး John Todoroki ဂျွန်တိုဒိုရိုကီ၊ ကိုရှိန်းလတ်နဲ့ မရွှန်းလဲ့မြတ်နိုး တို့ကို ဧပြီ ၂၃ ရက်နေ့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မနဲ့ တရားစွဲဆိုပြီး မြင်းခြံထောင်မှာ ချုပ်နှောင်ထားတာ ဖြစ်ပါတယ်။

ဒီနေ့ ဂျွန်တိုဒိုရိုကီတစ်ယောက်ထဲကို ကျန်းမာရေး အာမခံပေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပြီး ကျန်တဲ့မြန်မာနိုင်ငံသား နှစ်ဦးကတော့ မြင်းခြံထောင်ကနေပဲ အမှုကို ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဖမ်းဆီးတရားစွဲခံထားရသူ ၃ ဦးလုံးကို အမှုကနေ အမြန်ဆုံးလွတ်မြောက်အောင် ကူညီပေးဖို့ အမေရိကန်နိုင်ငံ သားရဲ့ အမျိုးသမီးက မြန်မာအစိုးရနဲ့ အမေရိကန်အစိုးရခေါင်းဆောင်တွေကို မေတ္တာရပ်ခံစာပေးပို့ ထားတာရှိပါတယ်။

(RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။