ဆေးခြောက်စိုက်ပျိုးလို့ တရားစွဲတဲ့အမှု တိုင်းတရားလွှတ်တော်မှာကြားနာ
2019.12.12

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဥယျာဉ်အတွင်းမှာ တိုင်းဒေသကြီး အစိုးရ ခွင့်ပြုချက်နဲ့ စိုက်ပျိုး ထားခဲ့တာ ဖြစ်ပေမယ့် ဆေးခြောက်အာနိသင် ပါရှိတယ်ဆိုကာ မြင်းခြံမြို့မရဲစခန်းက ရဲအုပ် ဇော်အောင်က ပြီးခဲ့တဲ့ဧပြီလက တရားလို ပြုလုပ်အမှုဖွင့်ခဲ့တာပါ။
အမှုတွဲချေဖျက်ဖို့ တော်ရုံအဆင့်နဲ့ တက်လေ့မရှိပေမယ့် ဒီအမှုမှာတော့ ထူးခြားချက်တွေ ရှိနေလို့ တက်ရတာ ဖြစ်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး ကပြောပါတယ်။
“ဒီအမှုကြီးတစ်ခုလုံးကို တည်ဆောက်ထားတာက မခိုင်လုံတဲ့ ထွက်ချက်တွေနဲ့ လုပ်ထားတာဖြစ်တယ်။ အမှုမှာ ထင်ရှားတဲ့အချက်က သရီးအမ်ကုမ္ပဏီဖြစ်တယ်။ နယ်သမားတွေ ဝင်ငွေတိုးမယ်လို့ ယုံကြည်တဲ့အတွက် ရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့အတွက် တရားဝင်ဆောင်ရွက်တာပါ။ မန္တလေးတိုင်းဒေသကြီး အစိုးရဆီ စာရေးပြီး ခွင့်ပြုမိန့်တောင်းခဲ့တယ်။ ဟိုကလည်း ခွင့်ပြုတယ်”
မန္တလေးမြို့ ဓာတုဗေဒ စစ်ဆေးရေးဌာနက စစ်ဆေးရာမှာတော့ ဆေးခြောက် ( Cannabis ) ဖြစ်တယ်လို့ စစ်ဆေး တွေ့ရှိကြောင်း အကြောင်းပြန်ခဲ့ပေမယ့် အာနိသင် ဘယ်လောက်ရာခိုင်နှုန်း ပါဝင်တယ်ဆိုတာကိုတော့ စစ်ဆေး မထားဘူးလို့ ဆိုပါတယ်။
အခုလိုစိုက်ပျိုးမှုကြောင့် အမေရိကန်နိုင်ငံသား ခြောက်ဦးနဲ့ မြန်မာနိုင်ငံသား နှစ်ယောက်ကို စိတ်ကိုပြောင်းလဲ စေတဲ့ မူးယစ်ပုဒ်မတွေနဲ့ တရားစွဲဆိုထားပါတယ်။
အမေရိကန်နိုင်ငံသား ဖြစ်တဲ့ဂျပန်လူမျိုး Mr john ကတော့ အာမခံရရှိထားပြီး နောက်ထပ်ငါးယောက်ကတော့ တရားခံပြေး အဖြစ်သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံသား နှစ်ယောက်တော့ မြင်းခြံထောင်အတွင်းကနေ တရား ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
စိုက်ခင်းမှာ အလုပ်လုပ်ကိုင်နေစဉ် ဖမ်းဆီးခံခဲ့ရတဲ့ မရွှန်းလဲ့မြတ်နိုးရဲ့ဖခင်ဖြစ်တဲ့ ဦးမျိုးမင်းအောင်က “သမီးက အပြစ်မှမရှိတာ၊ လွတ်ပေးဖို့ပဲလေ၊ အလုပ်သမားပါ၊ ပိုင်ရှင်လည်းမဟုတ်ပါဘူး” လို့ပြောပါတယ်။
စိုက်ပျိုးဖို့လက်ခံထားတဲ့ IIIM ကုမ္ပဏီဘက်ကထုတ်ပြချက်မှာတော့ တရားဝင်ခွင့်ပြုချက်ရရှိထားပေမယ့် စိုက်ခင်း တာဝန်ရှိသူတွေနဲ့ သုတေသန ပြုလုပ်သူတွေအပေါ် မြန်မာတရားရုံးက တရားစွဲဖို့ ဆုံးဖြတ်တာက ဌာနဆိုင်ရာ တွေကြား ချိတ်ဆက်မှု လွဲမှားနေတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ တရားစွဲဆိုမှုမှာတော့ တာဝန်ရှိတဲ့အထဲမှာပါဝင်တဲ့ ကုမ္ပဏီသူတွေ တစ်ယောက်မှမပါဝင်ဘူးလို့ အမှုကို လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေထံကသိရပါတယ်။
“အင်္ဂလိပ်စာမေဂျာနဲ့ ပြီးထားတဲ့သူက ဘယ်လိုလုပ် ဓာတ်ခွဲခန်း လက်ထောက်ဖြစ်မလဲ၊ လက်သမားက ဘယ်လိုလုပ် စိုက်ခင်းမန်နေဂျာဖြစ်မှာလဲ၊ သက်သေခံ အထောက်အထားရှိသလားဆိုတော့ ဘာမှမရှိဘူး၊ အလုပ် ခန့်စာလည်းမရှိဘူး၊ လစာပေးစာရင်းလည်းမရှိဘူး၊ ဝန်ထမ်းကတ်ပြားလည်းမရှိဘူး၊ ဘာအထောက်အထား မှမရှိဘူး၊ တရားလိုပြသက်သေတွေလည်း ဝန်ခံထားတယ်။”
မရွန်းလဲ့မြတ်နိုးရဲ့ မိခင်ဖြစ်သူက
“ကျမ မဖြေနိုင်ဘူး၊ ပြောလည်းမပြောချင်တော့ဘူး၊ ကလေးပဲပြန်လိုချင်တယ်။ အခုဘာထူးမတုန်းလို့ လာတော့ လည်း ဘာမှမထူးဘူး၊ ကျုပ်သမီးလေးသနားစရာပါ၊ ကျန်းမာရေးလည်း မကောင်းဘူး” လို့ပြောပါတယ်။
အခုလို ဆေးခြောက်အနွယ်ဝင်အပင်ကို မြန်မာနိုင်ငံကို လာရောက်စိုက်ပျိုးဖို့အတွက် တရုတ်ကုမ္ပဏီကလည်း ကမ်လှမ်းထားတယ်လို့ သိရပါတယ်။