ဆေးခြောက်စိုက်ခင်းအမှု အမေရိကန် ငါးဦးကို ထပ်တိုးအမှုဖွင့်
2019.05.21

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဇုန်မှာရှိတဲ့ မြေဧက ၂၀ မှာ ဆေးခြောက်အနွယ်ဝင် လျှော်ပင် စိုက်ပျိုးမှုနဲ့ အမေရိကန်နိုင်ငံသား နောက်ထပ် ငါးဦးကို အမှုဖွင့်လိုက်ပြီး ပုဒ်မတချို့ကိုလည်း ပြောင်းလဲလိုက်ပါတယ်။
ဧပြီ ၂၃ ရက်နေ့က ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသား ဂျွန်တိုဒိုရိုကီနဲ့ 111M ကုမ္ပဏီက အလုပ်သမား ကိုရှိန်းလတ်နဲ့ မရွှန်းလဲ့မြတ်နိုး တို့ကို ဒီနေ့ မြင်းခြံခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံသား နောက်ထပ် ငါးဦးကိုလည်း ထပ်တိုးအမှုဖွင့်လိုက်ပြီး တရားခံပြေးအဖြစ် ကြေညာလိုက်တာဖြစ်ပါတယ်။
ဒီ ၈ဦးကို ရဲစခန်းမှာ စတင်အမှုဖွင့်လှစ်စဉ်က မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ပုဒ်မ ၁၆ (က) (ခ) ၊ ၁၉ (က) / ၂၀ (က) (ခ)၊ ၂၁ တို့နဲ့ အမှုဖွင့်လှစ်ထားတာဖြစ်ပြီး ဒီနေ့ရုံးထုတ်မှာတော့ စိတ်ကိုပြောင်းလဲစေတဲ့ပုဒ်မ ၁၆ (က) (ခ) ၊ ၁၉ (က) / ၂၀ (က) (ခ) တို့နဲ့ တရားစွဲဆိုလိုက်ပါတယ်။
အဲဒီအပင်တွေကို ငါန်းဇွန်းမြို့နယ် မြို့သာစက်မှုဥယျာဉ်စီမံကိန်းအတွင်းက ဧက ၂၀ မှာ စိုက်ပျိုးခဲ့တာဖြစ်ပြီး ဒီလိုစိုက်ပျိုးခဲ့တာကြောင့် စုစုပေါင်း အမေရိကန်နိုင်ငံသား ခြောက်ဦးနဲ့ မြန်မာနိုင်ငံသား နှစ်ဦးကို အမှုဖွင့်လှစ် အရေးယူလိုက်တာပါ။
လောလောဆယ် အမေရိကန်နိုင်ငံသား တစ်ယောက်နဲ့ မြန်မာနိုင်ငံသား နှစ်ယောက်ကို ဖမ်းဆီးထားပြီးဖြစ်လို့ ကျန်ရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေကို ဝရမ်းထုတ်သွားမှာ ဖြစ်တယ်လို့ မြင်းခြံခရိုင်တရားရုံးက သတင်းပြန်ကြားရေးအရာရှိ ဒေါ်တင်သန်း က ပြောပါတယ်။
လက်ရှိမှာတော့ တရားလိုဘက်က သက်သေ ၂၉ ဦး တင်ပြထားတယ်လို့ သိရပါတယ်။
ဒီအမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသိန်းဦးက ဖမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား ဂျွန်တိုဒိုရိုကီ ဟာ ကျန်းမာရေးမကောင်းဘူးလို့ ပြောပါတယ်။
ဒီကနေ့ ရုံးထုတ်မှာ ညနေ လေးနာရီခွဲခန့်မှသာ စတင်စစ်ဆေးခဲ့တာဖြစ်ပြီး စစ်ဆေးတဲ့အခါမှာလည်း တရားရုံးကို တံခါးပိတ် စစ်ဆေးခဲ့ပါတယ်။
အဲဒီစိုက်ခင်းမှာ အလုပ်လုပ်ကိုင်စဉ် ဖမ်းဆီးခံထားရတဲ့ မရွှန်းလဲ့မြတ်နိုးရဲ့ မိခင်ဖြစ်သူက သမီးဖြစ်သူကို ပြန်လွှတ်ပေးဖို့ ပြောပါတယ်။
ဒီနေ့ ရုံးထုတ်စစ်ဆေးမှုမှာဆိုရင် လုံခြုံရေးတင်းကြပ်ထားပြီး တရားစွဲဆိုခံထားရတဲ့သူတွေနဲ့ မိဘတွေကို တွေ့ဆုံခွင့်မပေးခဲ့ပါဘူး။ ရုံးထုတ်ကို ရွာသား တစ်ရာခန့် လာရောက် ဝန်းရံခဲ့ပါတယ်။
မရွှန်းလဲ့မြတ်နိုး အပါအဝင် အမေရိကန်နိုင်ငံသား ဂျွန်ဒိုတိုရိုကီ၊ ကိုရှိန်းလတ် တို့ကို ဧပြီလ ၂၃ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး နောက်တစ်ပတ်ရုံးချိန်းကိုတော့ လာမယ့် ဇွန်လ ၄ ရက်နေ့ကို ချိန်းဆိုလိုက်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။