အမျိုးသားစာပေ တစ်သက်တာဆုရှင် စာရေးဆရာ ကဗျာဆရာကြီး ဦးအံ့မောင် ကွယ်လွန်

2021.08.12
အမျိုးသားစာပေ တစ်သက်တာဆုရှင် စာရေးဆရာ ကဗျာဆရာကြီး ဦးအံ့မောင် ကွယ်လွန် ၂ဝ၁၆ ဒီဇင်ဘာ ၇ ရက်နေ့က ကျင်းပတဲ့ အသက် ၈၅ နှစ်ပြည့် မွေးနေ့ပွဲမှာ ဆရာကြီးဦးအံ့မောင်ကို တွေ့ရစဉ်။
Photo: Citizen Journalist

အမျိုးသားစာပေတစ်သက်တာဆုရှင် စာရေးဆရာ၊ ကဗျာဆရာကြီး ဦးအံ့မောင် ဒီနေ့ ၂ဝ၂၁ သြဂုတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ မုံရွာနေအိမ်မှာ ကွယ်လွန်သွားပါတယ်။

ဆရာဦးအံ့မောင်ဟာ ရသစာတမ်း(အက်ဆေး)၊ ကဗျာများနဲ့ ထင်ရှားပြီး မုံရွာအနောက်ဘက် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဆန့်ကျင်ကန့်ကွက်ရေးမှာ ရှေ့တန်းက ဦးဆောင်ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

၁၉၃၂ ဒီဇင်ဘာ ၄ ရက်မှာ မုံရွာမြို့နယ် လယ်ဇင်ရွာမှာ မွေးဖွားခဲ့ပြီး မန္တလေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်တို့မှာ ပညာသင်ခဲ့ပါတယ်။

၁၉၄၈-၄၉ မှာ မုံရွာခရိုင်ကျောင်းသားသမဂ္ဂအမှုဆောင်၊ ၁၉၅၁-၁၉၅၃ မှာ ရန်ကုန်တက္ကသိုလ် သမိုင်းအသင်း ဒုဥက္ကဋ္ဌနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် အမှုဆောင်၊ ၁၉၆၂-၁၉၇၂ မှာ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) အမြဲတမ်းအတွင်းရေးမှူးအဖွဲ့ဝင် စတဲ့ တာဝန်တွေယူခဲ့ပြီး ၂ဝ၁၀ နောက်ပိုင်းမှာ မြန်မာနိုင်ငံစာရေးဆရာသမဂ္ဂနာယက၊ မုံရွာခရိုင် လက်ပံတောင်းတောင်ကယ်တင်ရေးကော်မတီ နာယကအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

ရေသူမကလေး-အန်းဒါးဆင်းပုံဝတ္ထုများ စာအုပ်နဲ့ ၁၉၇၄ ခုနှစ်မှာ အမျိုးသားစာပေဆု ရရှိခဲ့ပြီး ၂၀၀၉ မှာ စိန်ပွင့် မြပွင့် ပတ္တမြားပွင့် ကဗျာစာအုပ်ဖြင့် တော်ဘုရားကလေးစာပေဆု၊ ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု ရရှိခဲ့ပါတယ်။

ဆရာဦးအံ့မောင်ဟာ ကွယ်လွန်ချိန်မှာ အသက် ၈၉ နှစ်ရှိပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။