အသက် ၅၁ နှစ်အရွယ် နာမည်ကျော် စာရေးဆရာ အကြည်တော် ကွယ်လွန်

2022.11.09
အသက် ၅၁ နှစ်အရွယ် နာမည်ကျော် စာရေးဆရာ အကြည်တော် ကွယ်လွန် စာအုပ်လက်မှတ်ရေးထိုးပွဲတစ်ခုတွင် တွေ့ရသည့် စာရေးဆရာ အကြည်တော် (ခ) စောကြည်ဖြူ။
Photo: Akyitaw Production/ Facebook

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ပင်လုံဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ အသက် ၅၁ နှစ်အရွယ် စာရေးဆရာ အကြည်တော် (ခ) စောကြည်ဖြူဟာ နိုဝင်ဘာလ ၉ ရက်နေ့ ဒီနေ့ ည ၈ နာရီခွဲမှာ ကွယ်လွန်သွားပြီလို့ သူ့မိသားစုဝင်တွေက လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။

လွန်ခဲ့တဲ့လပိုင်းက ထိုင်းနိုင်ငံမှာ ဆေးကုသမှုခံယူခဲ့ပြီး မြန်မာနိုင်ငံပြန်ရောက်လာချိန်မှာ ပင်လုံဆေးရုံကို အရေးပေါ်တင်လိုက်ရပြီး သတိလစ်မေ့မြောသွားခဲ့ပြီးနောက် နိုဝင်ဘာလ ၉ ရက်နေ့ ဒီနေ့မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

စာရေးဆရာအကြည်တော်ဟာ ဟာသဝတ္ထုတွေကို ဦးစားပေးရေးသားတဲ့ စာရေးဆရာတစ်ဦးဖြစ်ပြီး သူရဲ့စာအုပ်တွေကို ရုပ်ရှင်ပြန်လည် ရိုက်ကူးမှုတွေလည်း ရှိခဲ့ပါတယ်။

314436657_651272513215658_8293260124589438299_n.jpg
(ဓာတ်ပုံ- အကြည်တော် ဖေ့ဘွတ်စ်)

စာရေးဆရာအကြည်တော်ရဲ့ ဝတ္ထုကို ရိုက်ကူးထားတဲ့ ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်ဆိုတဲ့ ဇာတ်ကားဟာ အောင်မြင်မှုများစွာရခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

ရွှေမိုးသည်း၊ ကဝေပျိုရဲ့နိဒါန်း၊ နတ်နေကိုင်း၊ ကျွန်တော့်ချစ်သူပြောသော သူ့ချစ်သူအကြောင်း ၊ ဘီလူး၊ ချစ်လို့စတာနာတယ်၊ သူခိုး၊ ပြုံးတော်မူ၊ လှအိုးကွဲစတဲ့ ဝတ္ထုတွေဟာလည်း သူရဲ့နာမည်ကြီး ဝတ္ထုတွေဖြစ်ပါတယ်။

မကြာသေးခင်က ကဗျာနဲ့ ဂီတပေါင်းစပ်ထားတဲ့ ကဗျာဂီတ Album ဖြန့်ချိခဲ့ပြီး အောင်မြင်တဲ့ကဗျာသီချင်းတွေ ရှိခဲ့ပါတယ်။

စာရေးဆရာ အကြည်တော်ကို ဖခင်ဦးထွန်းနိုင်၊ မိခင် ဒေါ်ယုနွယ်တို့ကမွေးဖွားခဲ့ပြီး မွေးချင်း ခုနစ်ယောက်အနက် ခြောက်ယောက်မြောက်သား ဖြစ်ပါတယ်။

သူဟာ ၁၉၈၈ ခုနှစ်ကစပြီး ကိုကိုကြီး ကလောင်အမည်နဲ့ စာပေလောကကို ဝင်ရောက်ခဲ့တာပါ။ ၂၀၀၃ ခုနှစ်မှာ အကြည်တော်နာမည်နဲ့ လုံးချင်းဝတ္ထုတွေ စတင်ရေးသားခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။