PNO သိမ်းထားတဲ့မြေတွေ ပြန်ပေး ဖို့ တောင်းဆို


2013.03.04
pno_305.jpg PNO နဲ့ ပအို့ဝ်တောင်သူတွေ တွေ့ဆုံဆွေးနွေးနေစဉ်
photo: Kyaw Myo Tun

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်(PNO)က သိမ်းယူထားတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ထီဖောင်းနဲ့ ဖာမွန်းကျေးရွာအုပ်စုအတွင်းရှိ ဥယျဉ်ခြံမြေတွေကို ပြန်လည် ရရှိရေးအတွက် ဒေသခံတွေက နားဘောင်ဒေသ၊ ထီဟန်ဆွေးကျေးရွာမှာရှိတဲ့ PNO ရုံးမှာ မနေ့ မနက်ပိုင်းက သွားရောက်ဆွေးနွေးခဲ့ကြပါတယ်။

ဥယျာဉ်ခြံမြေတွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို တောင်သူတွေ ဆီက တောင်းယူပြီး PNO အမှုဆောင်အဖွဲ့ရဲ့ အဆုံးအဖြတ်အတိုင်း ဆောင်ရွက်မှာဖြစ်တယ်လို့ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်(PNO) တွဲဖက်အတွင်းရေးမှူး (၂) ဗိုလ်မှူးခွန်လားက RFA ကို ပြောပါတယ်။

ဒါ့အပြင် ဗိုလ်မှူးခွန်လားက မြေသိမ်းခံတောင်သူတွေ တောင်းဆိုတဲ့ မြေနေရာတွေထဲက နေရာတချို့မှာ ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ တည်ဆောက်ထားပြီးဖြစ်သလို ကျေးရွာအသစ်တည်ထားတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။

ဒီခြံမြေတွေကို ပြန်လည်မရမခြင်း သူတို့တောင်သူတွေကတော့ ဆက်လက်တောင်းဆိုရမှာပဲလို့ ထီဟန်ဆွေးကျေးရွာနေ ကိုအောင်ကိုက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၁)ရက်နေ့ကလည်း တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ တောင်သူတွေနဲ့ PNO အဖွဲ့က ကိုယ်စားလှယ်တွေကိုခေါ်ယူပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ကြားဝင်စေ့စပ် ပေးခဲ့သေးတယ်လို့ သိရပါတယ်။

မနေ့က ဆွေးနွေးပွဲကို တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်း၊ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်(PNO) တွဲဖက် အတွင်းရေးမှူး (၂) ဗိုလ်မှူးခွန်လား၊ ဒေသခံ NLD ပါတီဝင်တွေ၊ ထီဖောင်း၊ ဖာမွန်း၊ လွယ်ကောင်း၊ တီးလုံး၊ နောင်ပနား၊ လုံးဝါး၊ ထီဟန်ဆွေး၊ ကျောက်တိုင်၊ တံတားမီးလောင်၊ ညိုမီး စတဲ့ကျေးရွာတွေက ဒေသခံတောင်သူ (၁၀၀)ကျော် တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။