PNLO နယ်မြေကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့ ထိုးစစ်ဆင်
2024.11.20

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နယ်မြေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO) တို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ PNLO က သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂ဝ ရက်နေ့ မနက် ဆယ်နာရီခွဲလောက်မှာ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းက အများပြည်သူ သုံးနေတဲ့ ဆိုက်ခေါင်-ဟိုနမ့်ပွန်ချောင်းတံတားကို လေယာဉ်နဲ့ ဗုံးသုံးကြိမ်ကြဲပြီး တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လေကြောင်းတင်မကဘဲ မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် အဲဒီတံတားအနီးမှာ နှစ်ဘက်တိုက်ပွဲဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေ အင်အားထပ်မံဖြည့်တင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ကြိုးစားနေတယ်လို့ PNLO ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ PNLA ပြောခွင့်ရှိသူတို့ကို RFA က ဆက်သွယ်ထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း စစ်ကောင်စီနဲ့ PNO အဖွဲ့တွေ တိုက်ခိုက်ခဲ့တာကြောင့် ဆီဆိုင်မြို့နယ်က ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးခဲ့ရပါတယ်။