တိုက်ပွဲအတွင်း ဖမ်းမိတဲ့ စစ်သုံ့ပန်းငါးဦး သတ်ဖြတ်ခံရကြောင်း PNLA ပြော
2025.01.15

Updated 1:24 AM Jan 16, 2025
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်က တိုက်ပွဲအတွင်း ဖမ်းဆီးခံလိုက်ရတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) တပ်ဖွဲ့ဝင် ငါးဦးကို စစ်ကောင်စီတပ်နဲ့ ပူးတွဲတိုက်ပွဲဖော်နေတဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) အဖွဲ့က ဇန်နဝါရီ ၁၃ ရက်နေ့မှာ သတ်ဖြတ်လိုက်တယ်လို့ PNLA က ထုတ်ပြန်ပါတယ်။
PNO က ဇန်နဝါရီ ၁၃ ရက် မနက်ပိုင်းထုတ်ပြန်တဲ့ ဓာတ်ပုံအရ ဖမ်းဆီးခံရတဲ့ တပ်ဖွဲ့ဝင် ငါးဦးကို အသက်ရှင်လျက်တွေ့ရပြီး အဲဒီနေ့ ညပိုင်းမှာ အဲဒီတပ်ဖွဲ့ဝင်တွေ သေဆုံးနေတဲ့ဓာတ်ပုံကို ထပ်မံ ထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။
သုံ့ပန်းကို သတ်ဖြတ်တာဟာ စစ်ရာဇဝတ်တာကျူးလွန်းတာလို့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ပြန်ကြားရေးတာဝန်ရှိသူ ခွန်ရိန်းယံက RFA ကို ပြောပါတယ်။
"ဒီလိုမျိုးဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းကို သတ်ဖြတ်တယ်၊ နှိပ်စက်တယ်ဆိုတာ စစ်ရဲ့ စည်းကမ်းဥပဒေနဲ့လည်း ကိုက်ညီမှုမရှိဘူး၊ နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနဲ့လည်း မကိုက်ညီဘူး၊ ဒါက စစ်ရာဇဝတ်မှု ကျူးလွန်တာပဲ ဖြစ်ပါတယ်၊ ဒါမျိုးလုပ်ရပ်က အင်မတန်အောက်တန်းကျတဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေဖြစ်ပါတယ်၊ စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်နေတဲ့ တိုက်ပွဲအတွင်း ကျွန်တော်တို့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရော၊ PNO ပြည်သူ့စစ်ရော ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်တွေ အများကြီးရှိပါတယ်၊ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပါတယ်၊ ကျွန်တော်တို့ နှိပ်စက်သတ်ဖြတ်တာ မလုပ်ခဲ့ဘူး"
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသူတွေကို စစ်သုံ့ပန်းအဖြစ် မထားဘဲ သတ်ဖြတ်တဲ့ဖြစ်ရပ်တွေကို မကြာခဏ တွေ့လာရတယ်လို့ စစ်ရေးအခြေအနေကိုသိရှိတဲ့ ဆီဆိုင်မြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ပြီးခဲ့တဲ့နှစ် တိုက်ပွဲတွေမှာလည်း အခုလိုပဲ ဖမ်းဆီးရမိတဲ့သူတွေကို သတ်ဖြတ်လိုက်တာပဲ။ ဘယ်တော့မှ သုံ့ပန်းအနေနဲ့ မထားဘူး။ နောက်ပြီး PNLA နဲ့ ဆက်စပ်တယ်လို့ သံသယရှိတဲ့ အရပ်သားတွေတောင် ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတာတွေက များတယ်။ မေးစရာရှိရင် မေးတယ်။ ပြီးရင် သတ်ဖြတ်လိုက်တာပဲ”
စစ်သုံ့ပန်းတွေ သတ်ဖြတ်ခံရတယ်ဆိုတဲ့ အခြေအနေနဲ့ပတ်သက်လို့ PNO တာဝန်ရှိသူတွေနဲ့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
စစ်သုံ့ပန်းတွေ ဖမ်းဆီးခံရတဲ့တိုက်ပွဲဟာ ဆီဆိုင်မြို့နယ် ထီစုံ (ထီးသုံး) ရွာအနီးမှာ ဇန်နဝါရီ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီတပ်နဲ့ PNO ပူးပေါင်းတပ်တွေဘက်က တပ်သား နှစ်ဆယ်ခန့် သေဆုံးတယ်လို့ PNLA က ထုတ်ပြန်ပါတယ်။
တိုက်ပွဲကြောင့် ထီစုံ (ထီးသုံး) ရွာ အပါအဝင် အနီးအနား ရွာတွေက ဒေသခံ ငါးထောင်နီးပါး ထပ်မံထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
(မှတ်ချက် - ဤသတင်းတွင် PNLA) ပြန်ကြားရေးတာဝန်ရှိသူ ခွန်ရိန်းယံ၏ ပြောဆိုချက်ကို ထပ်မံဖြည့်စွက်ထားပါသည်။)