ဟိုပုံးမြို့နယ် နောင်ပဖားရွာက အရပ်သားနှစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

RFA Burmese
2024.06.12
ဟိုပုံးမြို့နယ် နောင်ပဖားရွာက အရပ်သားနှစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ ရှမ်းပြည်နယ် တောင်ကြီးခရိုင် ဆီဆိုင်မြို့ အား ၂၀၂၄ ခုနှစ်၊ မေလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Khun Phyoelay

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် နောင်ပဖားရွာက အမျိုးသားနှစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ၂၀၂၄ ဇွန်လ ၁၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အသက် ၅၀ အရွယ်တွေဖြစ်တဲ့ ဖြားခွန်လှနဲ့ ခွန်တဗွုန်းတို့ နှစ်ဦးကို ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO) က မေလ ၁၅ ရက်မှာ နေအိမ်အထိလာပြီး သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

သူတို့နှစ်ဦးက PNLA နဲ့ ဆက်စပ်မှုရှိတယ်လို့ စွပ်စွဲပြီးသတ်ဖြတ်ခံရတာလို့ PNLA ပြောခွင့်ရသူ ခွန်ရိမ်းယံက RFA ကို ပြောပါတယ်။

“အဲဒီ နှစ်ဦးက သာမန် တောင်သူလယ်သမားပဲ ဖြစ်ပါတယ်။ ရပ်ကွက်ထဲမှာ အများယုံကြည် အားကိုးရတဲ့ ရပ်မိရပ်ဖတွေပါ။ ကျွန်တော်တို့နဲ့ ဆက်စပ်မှု မရှိပါဘူး။ ဒါကို စွပ်စွဲပြီး သတ်လိုက်တာဖြစ်ပါတယ်”

ဒါနဲ့ပတ်သက်လို့ PNO ပြည်သူ့စစ်တပ်ဖွဲ့ တာဝန်ရှိသူတွေကို RFAက ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

၂၀၂၄ မေလ ၁၉ ရက်နေ့ကလည်း ဆီဆိုင်မြို့နယ် နောင်ရင်းရွာသူကြီး ခွန်ဇာခွန်နဲ့ ညီဖြစ်သူကို PNO တပ်ဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံးနဲ့ ညောင်ရွှေမြို့နယ်တွေမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ ကစပြီး စစ်ကောင်စီတပ်၊ PNO ပူးပေါင်းအဖွဲ့တွေနဲ့ PNLA တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာ လေးလကျော်ရှိပြီဖြစ်ပါတယ်။

တိုက်ပွဲအတွင်း ဖမ်းဆီးသတ်ဖြတ်ခံရသူတွေ အပါအဝင် အရပ်သား ၇၅ ဦး သေဆုံးခဲ့ပြီး ၉၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံးက မေလ ၂၈ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။