ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ဝန်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံဆွေးနွေးမည်
2012.07.23
"ကျွန်တော်တို့ အခုဒီ နာယကကြီး ဦးအောင်ခမ်းထီနဲ့ ဂါရဝပြုတွေ့တယ်။ ပြီးရင် ကျွန်တော်တို့ PNO ခေါင်းဆောင်တွေနဲ့လည်း ကျွန်တော်တို့ အမျိုးသားရေး အတွက်ကို ကျွန်တော်တို့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်၊။ အဲသလောက်ပါပဲ။ တခြားတော့ ကျွန်တော်တို့ ဒီမှာ နောင်တောင်၊ ဟိုပုန်းမှာပေါ့၊ ရဟန်းသံဃာ နောင်တောင်ကျောင်းကို ကျွန်တော်တို့ ရောက်ပြီးတော့ ပရဟိတကျောင်းမှာ ကျွန်တော်တို့ အလှူငွေ ထည့်ပါတယ်။ ဘုန်းကြီးကတော့ ပါတယ် ဒါပါပဲ"
ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကတော့ အခြေအနေအရ တောင်ကြီးမြို့မှာ မဖြစ်တော့ဘဲ ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်တယ်လို့ တောင်ကြီးမြို့က အမည်မဖော်လိုတဲ့ အာဏာပိုင်နဲ့ နီးစပ်သူထံမှ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်က ငြိမ်းချမ်းရေး ကိုယ်စားလှယ် ခေါင်းဆောင် ဦးခွန်မြင့်ထွန်းကို မေးမြန်းရာမှာ လောလောဆယ်မှာ ဖြေဆိုလို့ မရသေးကြောင်းသာ အာအက်ဖ်အေကို ပြောပါတယ်။
ဦးခွန်မြင့်ထွန်းနဲ့ အဖွဲ့ဟာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ရန်ကုန်မြို့ကို ဒီနေ့ လေယာဉ်နဲ့ ခရီးဆက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့မှာ ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးတဲ့အခါ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အလွတ်သဘော တွေ့ဆုံချိန်က သဘောတူထားတာတွေ နှစ်ဖက် လက်မှတ်ထိုးကြဖို့ ရှိပြီး ပြေလည်မှု မရရှိသေးတဲ့ နယ်မြေကိစ္စနဲ့ PNLO တပ်ဖွဲ့ဝင်တွေ အခြေချ နေထိုင်နိုင်ဖို့ ကိစ္စတွေကို အဓိကထား ဆွေးနွေးသွားဖို့ ရှိကြောင်း သိရပါတယ်။