မြန်မာနယ်စပ်အနီး တတိယမြောက် စစ်ရေးလေ့ကျင့်မှု တရုတ်စတင်

RFA Burmese
2024.04.17
မြန်မာနယ်စပ်အနီး တတိယမြောက် စစ်ရေးလေ့ကျင့်မှု တရုတ်စတင် မြန်မာ-တရုတ်နယ်စပ် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်တံတိုင်းအနီးတွင် ၂၀၂၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၄ ရက်နေ့က တရုတ်အလံ စိုက်ထူထားစဉ်။
NOEL CELIS / AFP

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ တောင်ပိုင်းကွပ်ကွဲမှုဌာနခွဲက ကြည်းတပ်၊ လေတပ်တွေကို စုစည်းပြီး တရုတ်-မြန်မာနယ်စပ်အနီးမှာ ဧပြီလ ၁၇ ရက်နေ့ စစ်ရေးလေ့ကျင့်မယ့်အကြောင်း တရုတ်အစိုးရပိုင် CGTN သတင်းက ဖော်ပြပါတယ်။

ဘယ်နှရက်ကြာမယ်၊ စစ်အင်အား ဘယ်လောက်ပါမယ် ဆိုတာတွေကိုတော့ အတိအကျ ဖော်ပြမထားပါဘူး။ ဒါဟာ စစ်ကောင်စီအပေါ် ‌မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း နှစ်နိုင်ငံနယ်စပ်မှာ တရုတ်ရဲ့ တတိယမြောက် စစ်ရေးလေ့ကျင့်မှုပါ။ ဧပြီလအတွင်း ဒုတိယမြောက် စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်ပါတယ်။

ဧပြီလ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ယူနန်ပြည်နယ်အတွင်း တရုတ်-မြန်မာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နေရာနှစ်ခုမှာ တရုတ်ဘက်က စစ်ရေးလေ့ကျင့်ခဲ့ပြီး လေ့ကျင့်နေချိန်အတွင်း သတ်မှတ်နယ်မြေတွေထဲ လူတွေကို ဝင်ရောက်ခွင့်မပြုဘူးလို့ တရုတ်သတင်းဌာနတွေက ကြိုတင်ရေးသား အသိပေးခဲ့ပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်မှုမှာ တရုတ်စစ်တပ်ရဲ့ ကုန်းကြောင်းနဲ့ ရေကြောင်း လေ့ကျင့်မှုတွေ၊ ပြင်းထန်တဲ့ စစ်ရေးလေ့ကျင့်မှုတွေပါဝင်မယ်လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ Tian Junli ကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

အဲဒီအချိန်ဟာ တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် လွယ်ဂျယ်မြို့မှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေချိန် ဖြစ်ပါတယ်။

တရုတ်စစ်တပ်ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၅ ရက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့တို့ စစ်ရေးပြင်းထန်နေချိန်တုန်းကလည်း ယူနန်ပြည်နယ်တောင်ပိုင်းမှာ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို နိုဝင်ဘာ ၂၅ ရက်ကနေ ၂၇ ရက်နေ့အထိ သုံးရက်ဆက်တိုက် လုပ်ခဲ့ပါတယ်။

လက်ရှိမှာတော့ တရုတ်စီမံကိန်းကြီးတွေရှိရာ ရခိုင်ပြည်နယ်၊ တရုတ်နယ်စပ် ကချင်ပြည်နယ်နဲ့ ထိုင်းနယ်စပ် ကရင်ပြည်နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီအရာရှိနဲ့ တပ်သားတွေ၊ မိသားစုဝင်တွေ နီးစပ်ရာနိုင်ငံတွေကို ထွက်ပြေးနေရ၊ ထွက်ပြေးဖို့ ကြိုးစားနေရချိန် ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လင်းဂျီယန် (Lin Jian) ကတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ပြဿနာတွေကို သတိပြုမိကြောင်းနဲ့ တိုက်ပွဲမှာပါဝင်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အခြေအနေတွေ ပိုဆိုးမလာခင်မှာ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်း အဖြေရှာကြဖို့ ဧပြီလ ၁၆ ရက် သတင်းစာရှင်းလင်းပွဲအတွင်း တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။