ပင်လောင်းမှာ ဒုက္ခသည် ခြောက်ထောင် ဝန်းကျင်တိုးလာ

RFA Burmese
2023.03.03
ပင်လောင်းမှာ ဒုက္ခသည် ခြောက်ထောင် ဝန်းကျင်တိုးလာ တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့် တောင်မဲသင်းကျေးရွာဒေသခံများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်နေ့က တွေ့ရစဉ်။
ကြယ်တံခွန် လူမှုကူညီရေးပရဟိတအသင်း

ရှမ်းပြည်နယ်တောင်ပိုင်း ပလောင်မြို့နယ် တောင်မဲသင်းကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လကုန်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မတော် KNDF ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ပင်လောင်းနဲ့ နောင်တရားမြို့နယ်တွေကို ထွက်ပြေးနေရတဲ့ ဒုက္ခသည် ခြောက်ထောင်ဝန်းကျင်အထိ ရှိလာနေပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေနဲ့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက RFA ကိုပြောပါတယ်။
 
ပင်လောင်းမြို့ပေါ်မှာဆိုရင် မြို့ပေါ်ဘုန်းကြီးကျောင်း၊ ဓမ္မာရုံတွေနဲ့ ကျေးရွာတွေမှာရှိတဲ့ ဆွေမျိုးတွေအိမ်မှာ နေထိုင်နေရတဲ့ ဒုက္ခသည် အရေအတွက် ငါးထောင်ဝန်းကျင်လောက် ရှိနေပြီး နောင်တရားမြို့က ဘုန်းကြီး ကျောင်း အချို့မှာ တိမ်းရှောင်နေတဲ့ ဒုက္ခသည် အရေအတွက်က တစ်ထောင်ဝန်းကျင်လောက်အထိ ရှိတယ်လို့ ပင်လောင်းမြို့က ဒုက္ခသည် အရေးကူညီပေးနေသူ ခွန်ကျော်ဆွေကပြောပါတယ်။
 
“ဒုက္ခသည်က နေ့တိုင်းလိုလို အတိုးပဲရှိတယ်။ အရင်တုန်းက သုံးလေးရွာလောက်ပဲပြေးတာ။ အခုက တိုက်ပွဲက မရပ်တော့ နောက်ထပ်ရွာတွေပါ ထပ်ပြေးလာနေကြတယ်။ စားသောက် စရာတွေကတော့ ဒေသခံတွေဝိုင်း ကူညီနိုင်ပေမယ့် ရုတ်တရက် ပြေးလာကြရတာဆိုတော့ စောင်တွေ၊ အခင်းတွေ အဝတ်အထည်တွေဘာမှ ပါမ လာတော့ အဲဒါတွေအရေးပေါ် လိုအပ်နေတာရှိတယ်”
 
မူလက ထွက်ပြေးနေကြရသူတွေဟာ တောင်မဲသင်းကျေးရွာ၊ လုံးပြင်ကျေးရွာ၊ နန်းနိန်၊ တောင်စလုံး၊ မြောက်စလုံး ကျေးရွာတွေကဖြစ်ပြီး အခုရက်ပိုင်းမှာတော့ ပင်ပုံ၊ ဆောင်းပြောင်း စတဲ့ကျေးရွာဒေသခံတွေပါ ထပ်မံထွက်ပြေး နေကြတယ်လို့ဆိုပါတယ်။
 
အဲဒီကျေးရွာတွေဟာ လူဦးရေ တစ်ထောင်ဝန်းကျင်လောက်အထိ နေထိုင်ကြတဲ့ ကျေးရွာကြီးတွေ ဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။
 
ထွက်ပြေးနေရသူတွေ တိုးနေတာကြောင့် ဒုက္ခသည်အရေအတွက် အတိအကျကိုတော့ စာရင်းပြုစုလို့ မရသေးဘူးလို့ စစ်ဘေးဒုက္ခသည် အရေးကူညီပေးနေသူ နောက်တစ်ဦးက ပြောပါတယ်။
 
ထွက်ပြေးနေရသူတွေထဲမှာ ကျန်းမာရေးမကောင်းသူတွေ၊ မွေးဖွားကာနီး ကိုယ်ဝန်ဆောင်တွေပါ ပါလာတာကြောင့် အခက်အခဲတွေဖြစ်နေကြတယ်လို့ တောင်မဲသင်းရွာခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
 
“ကျမတို့ တောင်မဲသင်းရွာမှာတင် အခုမွေးဖွားကာနီး ကိုယ်ဝန်ဆောင်က ငါးယောက်လောက် ရှိတယ်။ မွေးဖို့လ လိုတဲ့သူတွေဆို စာရင်းတောင်မကောက်နိုင်သေးဘူး။ ကင်ဆာဆေး သောက်နေရတဲ့သူတွေ အသက်ကြီးပြီး နာမကျန်းသူတွေလည်းပါတယ်။ ကိုယ်ဝန်ဆောင်တွေဆို မွေးဖွားဖို့အတွက် ကလေးအနှီးလို ဟာတွေတောင် မရှိကြဘူး”
 
ကိုယ်ဝန်ဆောင်တွေနဲ့ ကျန်းမာရေး မကောင်းသူတွေကို ပင်လောင်းဆေးရုံမှာပဲ ကျန်းမာရေး စောင့်ရှောက်ဖို့ ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
 
ပင်းလောင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေပါ ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြပေမယ့် KNDF ရော စစ်ကောင်စီဘက်ကပါ တိုက်ပွဲအခြေအနေကိုတိတိကျကျ ထုတ်ပြန်တာမရှိသေးပါဘူး။ 
တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်နဲ့ KNDF ပြန်ကြာရေးတာဝန်ရှိသူတွေကို RFA ကဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပါဘူး။
 
စစ်ရေးနဲ့ တိုင်းရင်းသားအရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ ပင်လောင်းဒေသဟာ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကိုပါ ခြိမ်းခြောက်နိုင်တဲ့အထိ စစ်ရေးအရ အရေးပါတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တဲ့ အခြေအနေရှိတယ်လို့ သုံးသပ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။