ပင်လောင်းမှာ တိုက်ပွဲကြောင့် ဒေသခံငါးထောင်ခန့် ထွက်ပြေးနေရ
2023.02.27

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် တောင်မဲသင်းရွာအနီးမှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) တို့ တိုက်ပွဲဖြစ်ခဲ့တာကြောင့် ဒေသခံငါးထောင်ခန့် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်မဲသင်းရွာ အပါအဝင် အနီးအနားက လုံးပျဉ်၊ နန်းနိမ့်၊ တောင်စလုံးနဲ့ မြောက်စလုံး စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရပြီး အရေးပေါ် စားနပ်ရိက္ခာတွေ လိုအပ်နေ တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တိုက်ပွဲဖြစ်တဲ့နေ့က တောတောင်တွေထဲကို ထွက်ပြေးခဲ့ရပြီး ဒီနေ့မှာတော့ ပင်လောင်းမြို့ ပေါ်က ဒုက္ခသည်စခန်းတွေနဲ့ ဆွေမျိုးအိမ်တွေထံ ထပ်မံထွက်ပြေးခဲ့ရတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီမနက် အရပ်သားအများစုက အလံဖြူတွေထောင်ပြီး မြို့ပေါ်ဒုက္ခသည်စခန်းတွေနဲ့ ဆွေမျိုးအိမ်တွေကို ထပ်ရှောင်နေကြတယ်။ ပင်လောင်းဓမ္မာရုံမှာ နေ့လယ်ပိုင်းအထိ ရာဂဏန်းရှိပြီ စားရင်းတွေတော့ ကောက်နေတုန်း၊ ကျန်တဲ့သူတွေက နီးစပ်ရာကို ပြေးနေကြတုန်းရှိသေးတယ်”
တောင်မဲသင်းရွာမှာ လူဦးရေ ၉၀၀ ကျော်နေထိုင်ခဲ့ကြပြီး ကျန်တဲ့ရွာတွေမှာလည်း တစ်ရွာကို လူဦးရေ တစ်ထောင်ခန့် နေထိုင်ခဲ့ကြတာလို့ ဒေသခံက ဆိုပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ညနေပိုင်းကလည်း တောင်မဲသင်းရွာက အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေနတ်နဲ့ လေးချက်အပစ်ခံရတာကြောင့် ပင်လောင်းဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဒေသခံက ပြောပါတယ်။
ဘယ်အဖွဲ့ကပစ်ခတ်ခဲ့သလဲ ဆိုတောကိုတော့ တိတိကျကျ မသိရသေးဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။
KNDF ရဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီတပ်ဟာ ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်ကို စစ်အင်အားထပ်ဖြည့်နေသလို တောင်စလုံး၊ မြောက်စလုံးနဲ့ ကောင်းမဲတင် ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့အထိ ပင်လောင်းမြို့မှာ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်သလို ထွက်ပြေးနေရတဲ့ ဒေသခံတွေဟာလည်း နေရာအတည်တကျရဖို့ ကြိုးစားနေကြရဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။