မန္တလေးမှာ စစ်ကောင်စီရဲ့ဖမ်းဆီးမှုကို ဓာတ်ပုံရိုက်သူ ပစ်ခတ်ခံရလို့ သေဆုံး

2022.03.03
မန္တလေးမှာ စစ်ကောင်စီရဲ့ဖမ်းဆီးမှုကို ဓာတ်ပုံရိုက်သူ ပစ်ခတ်ခံရလို့ သေဆုံး မန္တလေး ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်တွေကို ၂၀၂၀ ဇန်နဝါရီလ ၁၀ ရက်က တွေ့ရစဉ်
ဓာတ်ပုံ- ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီ

မန္တလေးတိုင်း အမရပူရမြို့နယ်မှာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နေအိမ် တစ်လုံးကို မတ်လ ၂ ရက် မနေ့က ဝင်ရောက်ပိတ်ဆို့ဖမ်းဆီးမှုအပေါ် ဓာတ်ပုံရိုက်နေတဲ့ အရပ်သားတစ်ဦး ပစ်ခတ်ခံခဲ့ရတဲ့အတွက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

ဖမ်းဆီးမှုတွေအပေါ် ဓာတ်ပုံရိုက်နေတာကို တွေ့သွားရာကနေ ပစ်ခတ်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်သားတွေ၊ ရဲတွေ၊ စရဖတွေ အများကြီးပဲ လာဖမ်းတာ။ မသီရိရတနာ အိမ်မှာ အကုန်ဖမ်းခံလိုက်ရတာ။ သူတို့ဖမ်းနေတာကို အရပ်သားတစ်ယောက်က ဖုန်းနဲ့ ရိုက်လို့ဆိုပြီး ပစ်ခံလိုက်ရတာ။ သေသွားတယ်။ အခုကတော့ တစ်ရပ်ကွက်လုံးလည်း ကြောက်နေကြတာပေါ့“

သေဆုံးသူရဲ့ အမည်နဲ့ အသက်အရွယ်ကိုတော့ မသိသေးဘူးလို့ ဆိုပါတယ်။

မနေ့က ဖမ်းဆီးခံရသူတွေဟာ မန္တလေးပညာရေးဒီဂရီကောလိပ်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ဥက္ကဋ္ဌ ကိုအောင်မျိုးကို၊ အတွင်းရေးမှူး မသိရီရတနာနဲ့ စဉ့်ကူးမြို့နယ်က CDM ကျောင်းဆရာ ကိုကျော်ဇင်လတ်တို့ ဖြစ်တယ်လို့ ပြောပါတယ်။

မနေ့က ပစ်ခတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန် ထားတာ မတွေ့ရသေးပါဘူး။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစား နေဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကိုဆန့်ကျင်ရင်း ပညာရေးကောလိပ်ကျောင်းသားတွေနဲ့ ကောလိပ်ဆင်း ကျောင်းဆရာ ငါးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပညာရေးကောလိပ် ကျောင်းသားများ သမဂ္ဂများကိုယ်စားပြု ကော်မတီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက် နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။